အပြောင်းရွှေ့ဈေးကွက်မပိတ်ခင် ငွေထုပ် ပိုက်ပြီး ဈေးခေါင်းဖြတ်နေတဲ့ ယူနိုက်တဒ်

Posted on

အပြောင်းရွှေ့ဈေးကွက်မပိတ်ခင် ငွေထုပ် ပိုက်ပြီး ဈေးခေါင်းဖြတ်နေတဲ့ ယူနိုက်တဒ်

မန်ယူနိုက်တဒ်အသင်းဟာ ရလာဒ်ဆိုးတွေကြောင့် ပိုင်ရှင် နဲ့ ဘုတ်အဖွဲ့အပေါ် အလွန်အမင်းဖိအားတိုးမြှင့်လာချိန်မှာတော့ အပြောင်းရွှေ့ဈေးကွက်ထဲ စိတ်ကြိုက်မွှေနှောက်ကာ ဖိအားလျော့စေမယ့် အပြောင်းရွှေ့တချို့ ပြုလုပ်ရန်ကြိုးစားလျက်ရှိပါတယ်။

လက်တလောခေါ်ယူမှုဖြစ်တဲ့ ကတ်စမဲရိုး အပြောင်းရွှေ့ဟာ ပရိတ်သတ်တွေရဲ့ ပြင်းထန် တဲ့ ဖိအားကြောင့် ရာဘီယော့ ကို ခေါ်ယူမယ့်အစီစဉ် ကို ပယ်ချကာ ပြောင်းလဲခေါ်ယူခဲ့တာဖြစ်သလို ဆက်လက်ပြီး အန်တိုနီ လို ပရိတ်သတ်အကြိုက် ကစားသမားနဲ့ ချွေးသိပ်ဖို့ ကြံစည်နေပါတယ်။

ယူနိုက်တဒ် ဘုတ်အဖွဲ့ဟာ အပြောင်းရွှေ့အတွက် အစီစဉ်ကျတဲ့ ရွေးချယ်မှုတွေ မရှိပဲ တန်ဟဂ် ရဲ့တောင်းဆိုမှုကိုသာ ဖြည့်တင်းရန် ကြိုးစားခဲ့ပေမယ့် အဆုံးသတ်မှာ ဖရန်ကီဒီဂျောင် ရဲ့ခေါင်းမာမှုကြောင့် ထင်တာထက်ပိုပြီး အခက်တွေ့ခဲ့ပါတယ်။

နည်းပြတန်ဟဂ် ကလည်း ဖရန်ကီ ကို မရရင် အခြားသော ပစ်မှတ်တွေကို ပြောင်းလဲခေါ်ယူတာမျိုးပြုလုပ်မှာမဟုတ်ကြောင်းအတိလင်းဝန်ခံထားတာကြောင့် ဖိအားပိုတိုးလာပြီး ဘရန်းဖိုဒ့်ကို ဂိုးပြတ်ရှုံးနိမ့်တာကြောင့်သာ DM စစ်စစ်ဝယ်ယူရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တဒ် အနေနဲ့ ကတ်စမဲရိုး ကို ခေါ်ယူလိုက်နိုင်တာကြောင့် လူမှုကွန်ရက်အတွင်း trend ဖြစ်နေတဲ့ #GlazersOut campaing နဲ့ အသင်းရောင်းချရေး တောင်းဆိုမှုတွေကိုယာယီကျော်လွှားနိုင်ခဲ့ပါတယ်။

ဂလေဇာ က လက်ရှိအချိန်မှာ လူမှုကွန်ရက် အတွင်းနာမည်ကောင်းပြန်ရစေရန် အပြင်းထန် ကြိုးစားနေပြီး အန်တိုနီ ကို ယူရိုသန်း(၈၀) နဲ့ ကမ်းလှမိးခဲ့သလို အေတီကို ရဲ့ ဖီးလစ် ကို လည်း ယူရို(၁၃၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့သော်လည်း ပယ်ချခံရတာကြောင့် PSV ရဲ့ ကော်ဒီဂတ်ပို ကို ပြောင်းလဲ ခေါ်ယူဖွယ် ရှိနေပြီး ယူရို(၃၅)သန်းဝန်းကျင် ကျသင့်နိုင်ပါတယ်။

ဖရန်ကီဒီဂျောင် အပြောင်းရွှေ့က အဆုံးသတ်ခြင်းမရှိသေးပဲ လာမယ့်တစ်ပတ်အတွင်း ကစားသမားနဲ့ဘာစီလိုနာကြား အဆုံးသတ်ဆွေးနွေးပွဲတစ်ခုရှိနေပြီး အဆိုပါဆုံးဖြတ်ချက်အဖြေက အခရာကျလာပါလိမ့်မယ်။ဖရန်ကီ အနေနဲ့ စပိန်မှာဆက်နေရင် လစာလျှော့ယူရမှာ ဖြစ်ပြီး မဟုတ်ရင်တော့ ထွက်ခွာရမှာ ဖြစ်ကာ မန်ယူနိုက်တဒ်ကပဲ ဆက်လက် ဦးဆောင်နေပါတယ်။