ကြောက်စိတ်ကြောင့် ဒူးထောက်ခဲ့ရတဲ့ ပွဲ (သို့) ယုံစားလို့မရသူများအကြောင်း

Posted on

မန်ချက်စတာဒါဘီပွဲမစခင် နှစ်သင်းကြား ခြေစွမ်း နဲ့ လူအင်အားက ကြီးကြီးမားမား ကွာဟနေတာမျိုးတော့ မရှိ၊နည်းပြနှစ်ဦးရဲ့ နည်းစနစ်အခင်းအကျင်း နဲ့ ဗျူဟာပိုင်နိုင်မှုအရလည်း ဆိုးရွားလောက်တဲ့ နိမ့်ကျမှုမျိုးမရှိခဲ့သည့်တိုင် လက်တွေ့မှာတော့ ပထမပိုင်းတင် (၄)ဂိုးပြတ်အသိပ်ခံရတဲ့အထိ ဖြစ်ခဲ့ရတဲ့နောက် ခြောက်နှစ်တာ တည်ဆောက်ထားတဲ့အသင်းနဲ့ သုံးလသာ အသက်ရှိသေးတဲ့အသင်းနှစ်သင်းကြားမှာ မျှခြေတစ်ခုရှိမနေတာကိုတော့ ဝန်ခံရပါလိမ့်မယ်။အထူးသဖြင့် ကစားသမားတွေကြားကနားလည်မှု၊နည်းပြရဲ့ညွှန်ကြားချက်ကို အသွေးအသားထဲက သိနေမှု တွေမှာတော့ မန်စီးတီးဟာ အဖက်ဖက်က သာလွန်နေကြောင်း သိသာခဲ့ပါတယ်။

မန်ယူနိုက်တဒ် ရဲ့ ဒီနေ့ပွဲအရှုံးဟာ ကစားသမားတွေ ညံလို့မဟုတ်သလို နည်းပြရဲ့ နည်းစနစ်တွေမှားယွင်းတာကြောင့်လည်း မဟုတ်ပဲ ပွဲမစခင်ထဲက ပြိုင်ဘက်ကို အလိုလိုကြောက်ရွံနေစိတ် နဲ့ ရှိန်နေတဲ့ အချက်ကသာ ဒီနေ့ပွဲရဲ့ အကြီးမားဆုံး အားနည်းချက်ဖြစ်နေခဲ့တာပါပဲ။ တစ်ချိန်ကို အိုးထရဒ့်ဖိုဒ့် ကို ရောက်လာတဲ့ အသင်းတိုင်း ကြောက်ရွံနေတဲ့ ခံစားချက်မျိုး အီတီဟဒ် မှာ မန်စီးတီး က ပြန်ပေးခဲ့နိုင်ပေမယ့် ယူနိုက်တဒ်ကတော့ ပွဲစထဲက အားနည်းတဲ့အခြမ်းဖြစ်နေလို့ ပွဲဟာတဖက်သတ်ဆန်ခဲ့ရပါတယ်။မချစ်ခင်သူကိုမှ စုံမက်မိတဲ့အဖြစ်လို့ တစ်ဖက်သတ်အချစ်ဟာခါးလည်း တာဝန်အရတော့ လွမ်းနေရတာပါပဲဆို ယူနိုက်တဒ်ကစားသမားတွေဟာ လစာယူထားလို့ ဝင်ကန်နေရတယ်ဆိုတာထက် မပိုခဲ့တာတော့အသေချာ…

မန်စီးတီး ဟာ ဒီပွဲကိုအားထည့်ပြင်ဆင်ခဲ့သလို ပွဲမစခင်ထဲက hype နေတာတွေ နည်းပါးစေဖို့ ဂွာဒီယိုလာ က ပွဲကြိုအင်တာဗျူးတွေနဲ့ ပြင်ဆင်ခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါဟာလိဂ်အထာကို နောကြေပြီးသားနည်းပြတစ်ယောက်၊ပါးရပ်နပ်ရည်ရှိတဲ့ သူ့ရဲ့ သမ္ဘာကို ချပြခဲ့တာဖြစ်ပြီး ပွဲထဲမှာတော့ မန်စီးတီးဟာ နည်းပြရဲ့ ဦးဏှောက် နဲ့ ကစားသမားတွေရဲ့ခြေထောက် တသားထဲဖြစ်တည်နေမှုကို ဖော်ပြနိုင်ခဲ့ပါတယ်။

စာရွက်ပေါ်ကလူအင်အားထက် လက်တွေ့စွမ်းဆောင်ရည်ဟာ ကွာခြားချက်ကြီးမားကြောင်း သက်သေပြခဲ့တဲ့ ပွဲဖြစ်သလို မန်စီးတီး ဟာ ပရီးမီးယားလိဂ် မှာ ခေါင်းတလုံးမကသာနေကြောင်း အချက်ပေးခေါင်းလောင်းထိုးခဲ့တဲ့ ပွဲလည်းဖြစ်လာခဲ့ပါတယ်။တန်ဟဂ် အနေနဲ့ အမှားတွေထဲကသင်ခန်းစာယူနိုင်ရင်တော့ အကျိုးအမြတ်များစွာရှိပြီး ဒီပွဲရှုံးလို့ သူ့အပေါ်ဖိအားတွေ ရောက်ရှိလာမှာ မဟုတ်တာကြောင့် လာမယ့်ပွဲတွေကို အကောင်းဆုံး ပြင်ဆင်နိုင်စေဖို့သာ ဆုတောင်းရင်းနဲ့ပဲ….