ခြေစွမ်းပြနိုင်ဖို့ ပြိုင်ပွဲမတိုင်မီ သူ ယုံယုံကြည်ကြည် လုပ်လေ့ရှိတဲ့ အစွဲလန်းတချို့ကို ပြောပြလိုက်တဲ့ ဘရူနို

Posted on

ယူနိုက်တက်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ သူအနေနဲ့ ခြေစွမ်းပြနိုင်ဖို့ ပွဲတပွဲကို မကစားမီ လုပ့်လေ့ရှိတဲ့ ယုံကြည်မှု အချို့ကို ဖောက်သည်ချလိုက်ပါတယ်။ ပေါ်တူဂီသားဟာ ၂၀၂၀ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ စပို့တင်းကနေ မန်ယူကိုပြောင်းလာပြီးချိန်ကစလို့ မန်ယူမှာ ချက်ချင်းအသားကျခြေစွမ်းပြပြီး အခုနောက်ဆုံးမှာဆိုရင် ကပ္ပတိန်ရာထူးရသည်အထိဖြစ်လာပါတယ်။

သူ့ရဲ့အကောင်းဆုံးနဲ့ကစားနိုင်ဖို့ သူလုပ်နေကျ ပွဲမတိုင်မီအမူအကျင့်တွေက ကူညီပေးနေတာလို့ သူကယုံကြည်နေတာပါ၊ သူ့ရဲ့ဂိမ်းအတွက် အရာအားလုံး ပြည့်စုံလုံခြုံပြီး သက်သောင့်သက်သာရှိတယ်လို့ ခံစားရစေဖို့ မဖြစ်မနေလုပ်ဖို့လိုတဲ့အချက်တွေ ရှိနေပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဘရူနိုက “ကျနော်အမြဲတမ်း အတူတူပဲလုပ်တယ်။ ပွဲကစားတဲ့အချိန်ပေါ်မူတည်ပြီး မနက်စာ သို့မဟုတ် နေ့လည်စာစားချင်တယ်။ ကျနော်အမြဲလုပ်တာတခုကတော့ ဟိုတယ်ကို ကျနော်တို့မထွက်ခွာခင်မှာ ကျနော့်ကလေးတွေနဲ့ ကျနော့်မိန်းမနဲ့ကို ကျနော်စကားပြောတယ်၊ ဘာလို့လဲဆိုတော့ ဘတ်စ်ကားပေါ်ကို ကျနော်တို့တက်သွားတဲ့အခါ ကျနော် ဘယ်သူ့ကိုမှ စာမပို့တော့ဘူး၊ ဘယ်ဖုန်းကိုမှ မကိုင်တော့ဘူး၊”

“ဒီတော့ အဲဒါပြီးရင် ပွဲအပေါ်မှာပဲ ကျေနာ်အာရုံစိုက်ထားချင်ပြီး အိုးထရက်ဖို့ဒ်ကို ခင်ဗျားရောက်တဲ့အခါ ကျနော့်အတွက်တော့ အဲဒီအချိန်ကစပြီး ပွဲစတင်တာပါပဲ။”

“ဒါကတော့ ကျေနာ့်ရဲ့ စွဲလန်းယုံကြည်မှုများထဲက တခုဖြစ်ပြီး နောက်ထပ်တခုကတော့ ကျနော်က ကွင်းထဲကို အမြဲတမ်း ဘယ်ခြေနဲ့ ပထမဆုံးလှမ်းဝင်ပြီး ဒါဟာ ကျနော်အမြဲတမ်းလုပ်တဲ့တစုံတခုဖြစ်ပါတယ်၊ တနည်းနည်းနဲ့ ကျနော့်ကိုကူညီနိုင်တယ်လို့ ကျနော်ယုံကြည်တဲ့ တစုံတခုဖြစ်ပါတယ်။ ပိုကောင်းတဲ့စွမ်းဆောင်ရည် တခုရဖို့မဟုတ်ပါဘူး၊ ကိုယ့်ပင်ကိုယ်အတိုင်းရှိနေစေဖို့ပါ။” လို့ သူကပြောပြခဲ့တာပါ။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်တို့အတွက် ပွဲပေါင်း ၁၃၀ ကစားခဲ့ပြီးဖြစ်ကာ ဒီပွဲတွေအတွင်း အထင်ကြီးစရာကောင်းတဲ့ဂိုးပမာဏအဖြစ် ၅၁ ဂိုးသွင်းထားပါတယ်။ အဲရစ်တန်ဟဂ်က ဟာရီမက်ဂွိုင်းယားကို ချန်ထားဖို့ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း အသင်းကို သူပဲကပ္ပတိန်လုပ်နေခဲ့တာဖြစ်ပါတယ်။