အာဆင်နယ်ကိုအနိုင်ရဖို့ နည်းလမ်းဟောင်းတွေကို မျှဝေလိုက်တဲ့ ဝိန်းရွန်းနီ

Posted on

ဝိန်းရွန်းနီ ကတော့ အာဆင်နယ်အသင်း နဲ့ ဆုံတွေ့တိုင်းသွင်းဂိုးတွေများစွာ သွင်းယူတတ်လေ့ရှိတဲ့ ကစားသမားဖြစ်သလို သူ့ရဲ့ ပွဲဦးထွက်မှာပဲ အာဆင်နယ် ဖက်ကို ဂိုးသွင်းယူကာ စတင်ခဲ့သူပဲဖြစ်ပါတယ်။

ဝိန်း ဟာ လက်တလောမှာ DC United ကို နည်းပြချုပ်အဖြစ်ကိုင်တွယ်နေပေမယ့် ပရီးမီးယားလိဂ် အကြောင်းအရာတွေကို Times ရဲ့ စာမျက်နှာတစ်ခုမှာပုံမှန်ဖော်ပြနေကြဖြစ်ပြီး ယခုတစ်ပတ်မှာတော့ အာဆင်နယ် အသင်းရဲ့ အားနည်းချက်တွေ၊သူတို့ခေတ်က ပွဲစဉ်တွေ နဲ့ တိုက်ပွဲတွေရဲ့နောက်ကွယ်ကအဖြစ်ပျက်တွေကို ပြန်ပြောင်းပြောပြခဲ့တာဖြစ်ပါတယ်။ဝိန်း ကတော့ ယခုတစ်ပတ်မှာ မန်ယူနိုက်တဒ် အနေနဲ့ အာဆင်နယ် ကို အနိုင်ရဖို့ဆိုရင် တိုက်စစ်ခြင်းအားပြိုင်တာမျိုးထက် ခံစစ်ကိုလုံခြုံအောင်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ထိုးနှက်ဖို့သာ အကြံပြုခဲ့ပါတယ်။

ဝိန်းရွန်းနီက “ယူနိုက်တဒ်မှာ စွမ်းဆောင်ရည်ကောင်းတဲ့ကစားသမားအများအပြားရှိသလို အခြေခံအချက်တွေကိုပဲကောင်းမွန်စွာ ကစားနိုင်ရင် ကိုယ့်ရဲ့ပြေးလမ်းပေါ်မှာ ဘယ်လိုအတားဆီးကိုမဆိုကျော်ဖြတ်နိုင်တယ်ဆိုတာကို လီဗာပူးလ်၊ဆောက်တပ်တန် နဲ့ လက်စတာ တို့ ပွဲတွေမှာ တွေ့မြင်ခဲ့ပြီးပါပြီ။”

” ဒီနေ့ကစားမယ့် အာဆင်နယ် နဲ့ ပွဲမှာဆိုရင်လည်း သူတို့အနေနဲ့ လီဗာပူးလ် နဲ့ ပွဲကလို ခပ်ကြမ်းကြမ်း ကစားတာမျိုး ပြုလုပ်ပြဖို့လိုပါတယ်။ဘောလုံးဖြန့်ဝေတာမြန်ဆန်ပြီး အရှိန်ကောင်းကောင်းနဲ့ ကစားတဲ့ အာဆင်နယ် လို အသင်းနဲ့ပွဲမျိုးမှာ ကွင်းလယ်ကနေ ခါးဖြတ်တာ ဒါမှမဟုတ် ခံစစ်အထိုင်ချပိတ်ဆို့တာတွေ ပြုလုပ်သင့်ပါတယ်။တကယ်လို့ သူတို့နဲ့ ခေါင်းချင်းယှဉ်တိုက်ဖို့ဆုံးဖြတ်ခဲ့ရင် အစားခံရတာက ကျွန်တော်တို့ဖြစ်သွားနိုင်ပါတယ်”

“လက်ရှိအထိ အာတီတာ ပြုလုပ်ပြခဲ့တာတွေ ကို ကျွန်တော်တော့ သဘောကျပါတယ်၊သူ့အသင်းက အရမ်းစွမ်းအားမြင့်နေတာမျိုး မဟုတပေမယ့် လုံလောက်တဲ့လုပ်အားနှုန်းရှိပြီး ဂျေဇူး၊ဇင်ချန်ကို တို့ကို ရလိုက်တာက သူတို့အတွက် အားသာချက်တွေပိုပြီးတိုးမြင့်လာစေပါတယ်။”

“ယူနိုက်တဒ် အနေနဲ့ ဒီကစားသမားတွေကို လှုပ်မရအောင်ထိန်းချုပ်ထားနိုင်ဖို့ဆိုရင် ကွင်းထဲမှာ ကစားသမားတွေကြား ချိတ်ဆက်မှု ခိုင်မာနေဖို့လိုသလို နေရာလွတ်တွေမရှိရအောင် တားဆီးဖို့လိုပါလိမ့်မယ်။ဒီပွဲက ပွဲကြီးပွဲကောင်း ဖြစ်လာမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ တချိန်က ပွဲတွေလို ခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။ဒါပေမယ့် ဥမင်ထဲ ရန်ဖြစ်ကြတာမျိုးတော့ မဟုတ်ဘူးပေါ့လေ”လို့ဆိုပါတယ်။