အာဆင်နယ်နဲ့ ပွဲမှာ ကွဲပြားတဲ့ လူစာရင်းကို အသုံးပြုဖို့လိုလားနေတဲ့ ပရိတ်သတ်များ

Posted on

အာဆင်နယ်အသင်းကို လက်ခံယှဉ်ပြိုင်ရမယ့် ယနေ့ညပွဲမှာတော့ မန်ယူနိုက်တဒ် အသင်းရဲ့ လူစာရင်းကို အပြောင်းလဲတချို့ ရှိလာစေဖို့ ပရိတ်သတ်တွေက မျှော်လင့်နေပါတယ်။

အဲရခ်တန်ဟဂ် က ရာသီအစမှာ နှစ်ပွဲဆက်အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နဲ့ပွဲက စတင်အသုံးပြုခဲ့တဲ့ လူစာရင်းကို သုံးပွဲဆက်အသုံးပြုခဲ့သလို အောင်မြင်မှုလည်း ရလာတာကြောင့် ပဏမ လူစာရင်းရွေးချယ်မှု ပြီးမြောက်ပြီလို့ ယူဆလို့ရသလို လက်ရှိ ပွဲထွက်အခင်းအကျင်းဟာ ပြောင်းလဲမှု အနည်းငယ်သာ ရှိလာနိုင်ပါတယ်။သို့သော်လည်း ပရီးမီးယားလိဂ် ဟာ ပွဲဆက်များတာကြောင့် နယ်သာလန်မှာလို တူညီလူစာရင်းကိုပဲ ထပ်ခါထပ်ခါ အသုံးပြုနေတာက ပွဲပန်းလူပန်းပြီး ပွဲဆက်များလာရင် ဒဏ်ရာ နဲ့ ရလာဒ်ပိုင်းထိခိုက်မှု တွေ ရှိလာမှာကို စိုးရိမ်ရပါတယ်။

အာဆင်နယ် ကို ရင်ဆိုင်ကစားမယ့် ပွဲအတွက် ဂိုးသမားနေရာမှာ ဒဟေးယား ကို ဆက်ရှိစေလိုပြီး ခံစစ်မှာတော့ ဒါးလော့၊ဗာရန်း၊မာတီနက်ဇ် နဲ့ ရှော ကို အသုံးပြုစေလိုပါတယ်။ မလာစီယာ က ကစားသမားကောင်းဖြစ်ပေမယ့် ပွဲဆက်များနေတာကြောင့် အနားပေးသင့်ပြီး ရှောကို ပြန်လည်အသုံးပြုတာက နေရာလုတိုက်ပွဲကြောင့် ကစားအားပိုမိုမြင့်တက်လာတာကို မြင်တွေ့ရနိုင်ပါတယ်။

ကွင်းလယ်မှာ တော်မနေး ကို ပြန်လည်အနားပေးပြီး ကစားသမားသစ် ကတ်စမဲရိုး ကို ပွဲထုတ်အသုံးပြုဖို့ အချိန်ရောက်ပြီလို့ဆိုနိုင်ပါတယ်။ ရီးရဲလ် နဲ့ ရာသီကြိုလေ့ကျင့်ရေးကောင်းစွာရရှိထားသူဖြစ်သလို ကြံခိုင်မှုကောင်းမွန်သူဖြစ်တာကြောင့်လည်း ယခုပွဲမှာတော့ ပါဝင်ရန်အသင့်တော်ဆုံးဖြစ်နေပါတယ်။

တိုက်စစ်ပိုင်းမှာ ရော်နယ်ဒို ကို ပွဲထုတ်ရန် အချိန်ကျရောက်နေပါပြီ။ရာသီအစက အပြောင်းရွှေ့တွေကြောင့်မတည်ငြိမ်ခဲ့သည့်တိုင် လက်ရှိအချိန်မှာတော့ ရော်နယ်ဒို ဟာ အကောင်းဆုံးအာရုံစူးစိုက်မှုနဲ့အတူအသင်းကို ပြန်လည်ပေးဆပ်ဖို့အသင့်ရှိနေတာကြောင့် အာဆင်နယ် နဲ့ ပွဲဟာ သူပြန်လာဖို့အကောင်းဆုံးအခွင့်အရေးပဲ ဖြစ်ပါတယ်။

ညာတောင်ပံမှာ ဂျေဒန်ဆန်ချို နဲ့ ဘယ်တောင်ပံမှာ မားကပ်စ်ရရှ်ဖိုဒ့် တို့ ပါဝင်နိုင်ပြီး အန်တိုနီ ကတော့ အရံအနေနဲ့သာ ပါဝင်ရဖွယ်ရှိပါတယ်။ အန်တိုနီ ကို ပရိတ်သတ်နဲ့ ပွဲမစခင် စတင်မိတ်ဆက်မှာဖြစ်ပြီး ဒုတိယပိုင်း ဝင်ရောက်ကစားစေနိုင်တာကြောင့် ပရိတ်သတ်အကြိုက် တွေ့စေမယ့် လူစာရင်းဖြစ်လာနိုင်ပါတယ်။တဖက်မှာလည်း တန်ဟဂ် က ဗာရန်း ကို အနားပေးကာ ဒီပွဲအတွက် မက်ဂွိုင်းယား ကို ပြန်လည်အသုံးပြုနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။