ရော်နယ်ဒို ကို မေ့ရမယ့်အချိန် (သို့) အသင်းတိုးတက်ရေး စဉ်းစားရတော့မယ့် တန်ဟဂ်

Posted on

မန်ယူနိုက်တဒ်တိုက်စစ်မှာရော်နယ်ဒို မပါဝင်လာရင် ဝေဖန်ကြသူတွေဒုနဲ့ဒေး ရှိသလို သူပါဝင်လာလို့ ခြေစွမ်းမပြနိုင်ရင်လည်း ဝေဖန်ချင်လိုသူတွေကအပြည့်ပါပဲ။ ရော်နယ်ဒို စာ ဘောလုံးဇာတ်ခုံပေါ်မှာ နှစ်(၂၀)ကျော်ကြာ အမြင့်ဆုံးအဆင့်အတန်းနဲ့ ရပ်တည်ခဲ့ပြီး သူဟာ ဘာလုပ်နိုင်တယ်ဆိုတာ ထပ်ပြီးသက်သေပြရန်မလိုအပ်တော့တဲ့ သက်ရှိမှတ်တိုင် တနည်း စံချိန်တွေရဲ့ပဲ့ကိုင်ရှင် ဖြစ်နေတဲ့ နောက် အသက်(၃၈)နှစ်မှာ သူ ဘာလုပ်နိုင်တယ်၊မလုပ်နိုင်ဘူးဆိုတာက သတင်းခေါင်းစီးတစ်ခု မဖြစ်သင့်တော့တာတော့အမှန်ပါပဲ။ဇရာရဲ့တိုက်စားမှု၊ ရုပ်ပိုင်းဆိုင်ရာကျဆင်းမှု၊စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေ ဖြစ်တည်လာမှုဟာ လူသားပီသခြင်းရဲ့ လက္ခဏာတွေဖြစ်ပြီး ရော်နယ်ဒို လည်း ကြုံတွေ့ခံစားနေရပြီပဲ ဖြစ်ပါတယ်။

တန်ဟဂ် အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရဆိုရင် လက်ရှိအချိန်မှာ ရော်နယ်ဒို ကို ချန်လှပ်ထားလိုပေမယ့် မီဒီယာနဲ့အသင်းဖိအား+ ကစားသမားလိုအပ်ချက်ကြောင့် မဖြစ်မနေ ပွဲထွက်လူစာရင်းမှာ အသုံးပြုနေရပါတယ်။အန်သိုနီမာစီရယ် ရဲ့ ကြံခိုင်မှုမပြည့်ဝခြင်းက ရော်နယ်ဒို ကို တန်ဟဂ် အသုံးပြုရတဲ့ အဓိကအကြောင်းပြချက်ဖြစ်ပြီး ပေါ်တူဂီသားရဲ့ ကစားသမားဘဝနှောင်းပိုင်းဖြစ်နေလို့ ထိန်းသိမ်းကိုင်တွယ်ရတာ ပိုမိုခက်ခဲလာပါတယ်။ ရော်နယ်ဒိုဟာ ငယ်စဉ်ကလို တောင်ပံတကြောမှာ ပြေးလွှားလှုပ်ရှားနေတာမျိုး မပြုလုပ်နိုင်တော့သလို ယူဗင်းတပ်စ်နေ့ရက်များလို တိုက်စစ်မှာ ဒေါင်ဒေါင်မြည်ရပ်တည်နိုင်တာလည်း မရှိတော့ပဲ အားနည်းတဲ့ပုံစံတွေ မြင်တွေ့နေပြီပဲ ဖြစ်ပါတယ်။

တန်ဟဂ် ရဲ့ နံပတ်(၉) ဟာ ပေါင်းစပ်လုပ်ကိုင်မှု၊ချိတ်ဆက်နိုင်စွမ်း၊pressing ဒဏ်ခံနိုင်စွမ်း၊တွေမှာ ထူးချွန်နေဖို့လိုနေပြီး ချိန်သားကိုက်ပြေးဝင်နိုင်ကာ နေရာစုံကနေ ဂိုးသွင်းယူနိုင်ဖို့လိုပါတယ်။အိုင်းယက်စ် မှာ အသုံးပြုခဲ့တဲ့ တာဒစ် က တန်ဟဂ် အကြိုက်ဆုံး နံပတ်(၉) ပုံစံဖြစ်ပြီး မာစီရယ် က တိုက်ရိုက် အံဝင်နေသည့်တိုင် ဒဏ်ရာအနာတရများလွန်းခြင်းက သူ့အပေါ်ထားရှိတဲ့ဘမျှော်လင့်ချက်တွေကိုမှေးမှိန်လာစေပါတယ်။

တန်ဟဂ် အနေနဲ့ ရော်နယ်ဒို ကို မှေးသုံးနေရတာက low block အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ပြသနာကြီးတစ်ခုဖြစ်လာပြီး အသင်းသားတိုင်းကလည်းလိုတာထက်ပိုပြီး ဖန်တီးပေးလိုနေတာက အသင်းရဲ့ လည်ပတ်မှု ကို နှောင့်နှေးပျက်ယွင်းစေပါတယ်။ရော်နယ်ဒို ဟာ သူဘယ်သူလည်းဆိုတာ ထပ်ပြီးသက်သေပြရန်မလိုပေမယ့် ယူနိုက်တဒ် အတွက်တော့ ဆုဖလားတွေကအရေးတကြီးလိုအပ်နေတာကြောင့် ရော်နယ်ဒို မပါဝင်တဲ့ တိုက်စစ်ကို အသက်သွင်းဖို့လိုနေပြီပဲဖြစ်ပါတယ်။