ရော်နယ်ဒို ဘာကြောင့် ပွဲပြီးတဲ့ထိ မစောင့်ဘဲ ဥမင်ထဲ ဝင်သွားခဲ့တာလဲ ?

Posted on

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ စပါးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ယူနိက်တက်အသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်ဒိုတစ်ယောက် ပါဝင်ကစားခွင့်မရခဲ့ဘဲ အရန်ခုံမှာ သာ ထိုင်နေခဲ့ရကာ မန်ယူအသင်းအနေနဲ့တော့ စီရိုနယ်ဒို မပါဝင်ပေမယ့် စပါးအသင်းကို တစ်ပွဲလုံးနီးပါး ဖိအားပေးကစားနိုင်ခဲ့ကာ တော်တော်လေးကောင်းမွန်တဲ့ ကစားပုံနဲ့အတူ ထိုက်တန်တဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။

ဒီပွဲမှာ စီရိုနယ်ဒိုအနေနဲ့ သူ့ကို နည်းပြ တန်းဟက်ဂ်က လူစားဝင်ကစားစေမယ်လို့ ထင်မှတ်ခဲ့ပေမယ့်လည်း တန်းဟက်ဂ်အနေနဲ့ ကစားခိုင်းခဲ့ခြင်းမရှိတာကြောင့် ပွဲချိန် ၈၉ မိနစ်မှာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကာ ကင်မရာတွေကလည်း စီရိုနယ်ဒိုတစ်ယောက် ကွင်းထဲက ထွက်ခွာပုံကို အမိအရ ရိုက်ပြခဲ့တာပဲဖြစ်ပါတယ်။

စီရိုနယ်ဒိုအနေနဲ့ ဒီပွဲမှာ ပွဲချိန် မိနစ် ၄၀ မှ စတင်ပြီး ကွင်းဘေးစည်းမှာ သွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့ကာ ၎င်းအား လူစားလဲပေးရန် တောင်းဆိုခဲ့တယ်လို့ သိရပြီး ပွဲချိန် မိနစ် ၇၀ အရောက်မှာတော့ နည်းပြ အဖွဲ့ဝင်များနဲ့ ကစားသမားများရှိရာ အရန်ခုံနံရံကို မှီပြီး လူစားလဲခံရမလား အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ပေမယ့် တန်းဟက်ဂ်အနေနဲ့တော့ အဲရစ်ဆင်နဲ့ အီလန်ဂါကိုသာ လူစားလဲလှယ်ခဲ့တဲ့နောက် ပွဲချိန် ၈၉ မိနစ်မှာတော့ ကွင်းထဲကနေ စိတ်ပျက်လက်ပျက် ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ယူနိုက်တက်ရဲ့ပွဲပြီးရလဒ်ထက်တောင် ပိုပြီး လူပြောများခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့လုပ်ရပ်ကို မန်ယူနိုက်တက်ပရိသတ်တွေကပါ ဝေဖန်မှု တချို့ပြုလုပ်ခဲ့ပါတယ်။ ရော်နယ်ဒို ဒီလိုပြုလုပ်ခဲ့တဲ့ ဖြစ်နိုင်ချေ အကြောင်းအရင်းကတော့ သူ စိတ်ပျက်ခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ်။ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်တုန်းက စပါးအသင်းကို ဟက်ထရစ်သွင်းထားခဲ့တာပါ။ ဒါကြောင့်လည်း စပါးနည်းပြကွန်တီကိုယ်တိုင်က သူတို့အနေနဲ့ ရော်နယ်ဒို တယောက်တည်းကို ရှုံးနိမ့်ခဲ့တာပါလို့ ပွဲကြိုမှာ ဝန်ခံခဲ့ပါသေးတယ်။

ဒီလိုသူမျိုးက ဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်မရတာဟာ စိတ်ပျက်မှာ အသေချာပါဘဲ။ ရော်နယ်ဒိုဆိုတဲ့ သူမျိုးဟာ အမြဲတမ်း ကစားချင် ဂိုးတွေ သွင်းယူချင်နေတဲ့ သူမျိုး ဖြစ်ပါတယ်။ အသက်ကြီးနေပေမယ့်လည်း သူ မအိုသေးဘူးဆိုတာ ပြဖို့ စိတ်အားထက်သန်သူပဲဖြစ်ပါတယ်။ သူ့ကို လူစားလဲလိုက်ရင်တောင် စိတ်ပျက်တဲ့ အပြုအမူတွေ ပြသတတ်ပါတယ်။

တန်းဟက်ဂ်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပွဲအပြီးမှာ မနက်ဖြန်ကျရင် ဒီအကြောင်းအရာကို ကျွန်တော် ညှိုနှိုင်းသွားမှာပါလို့ ပြောဆိုသွားခဲ့ပြီး ဒါဟာ စီရိုနယ်ဒိုအတွက် နောက်ဆုံးပရီးမီးယားလိဂ် ၄ ပွဲမှာ ဒုတိယအကြိမ် တစ်ပွဲလုံး အရန်ခုံမှာသာ ထိုင်နေခဲ့ရခြင်းလည်းဖြစ်ပါတယ်။