ယူရို သန်း(၁၀၀) ဘာကြောင့်ပေးရလဲဆိုတာ အဖြေပေးလိုက်တဲ့ အန်တိုနီ

Posted on

မန်ယူနိုက်တဒ်ရဲ့ ပွဲထွက်လူစာရင်းထွက်လာတော့ ထူးထူးခြားခြား ယခုတစ်ပတ်မှ ခေါ်ယူထားတဲ့ ကစားသမားသစ် အန်တိုနီ ကို ညာတောင်ပံမှာတွေ့မြင်လိုက်ရတယ်။ကတ်စမဲရိုး တောင် နေရာမရသေးသလို ရော်နယ်ဒို ကို ကြံခိုင်မှုကြောင့် အရံမှာထားတဲ့ အဲရခ်တန်ဟဂ် က အန်တိုနီ ကို တိုက်ရိုက် နေရာချထားခဲ့တာက ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။

သို့သော်လည်း မီဒီယာတွေကို ဖြေဆိုရာမှာတော့ အဲရခ် က အန်တိုနီဟာ သူကစားလိုတဲ့ နည်းစနစ် ကို အတိကျသိသလို တိုက်ရိုက်အံဝင်အောင်ကစားနိုင်သူဖြစ်တာကြောင့် ပွဲထွက်ခွင့် ပေးခဲ့တာလို့ ဆိုပါတယ်။

အန်တိုနီ က ယူနိုက်တဒ် ရဲ့ ညာခြမ်းမှာကာလရှည်ကြာလိုအပ်နေခဲ့တဲ့ မော်ဒန်တောင်ပံကစားသမား တနည်း inverted winger တစ်ယောက်ဖြစ်ပြီး ဘယ်ခြေသုံး ကစားသမားဖြစ်တာ ကြောင့် နည်းဗျူဟာပိုင်းအရလည်း များစွာ အားသာချက် ရှိခဲ့ပါတယ်။ အာဆင်နယ် ဘယ်နောက်ခံလူ ဇင်ချန်ကို က ညံ တဲ့ ကစားသမားထဲ မပါပေမယ့် ပရီးမီးယားလိဂ် ကို အခုမှ စထိတွေ့တဲ့ အန်တိုနီ ကိုတော့ အတော်လေး ထိန်းချုပ်ခဲ့ရသလို ဘောလုံးစွမ်းရည်မြင့်မားတာကြောင့် ပြိုင်ဘက် နှစ်ဦးလောက်အထိ ဆွဲခေါ်ထားနိုင်တဲ့ အန်တိုနီ ကြောင့် ဒါးလော့၊ဘရူနို တို့ အတွက် နေရာလွတ်တွေ ရရှိစေခဲ့ပါတယ်။

အထူးသဖြင့် ညာတောင်ပံမှာ တိုက်စစ်ကို လိုတာထက်ပိုပြီး လိုက်ပါနေရတဲ့ ဒါးလော့ အတွက် အန်တိုနီ က အဖြေ ဖြစ်လာသလို ဘယ်ခြေသုံး ညာတောင်ပံလူ ဖြစ်တာကြောင့် နည်းဗျူဟာပိုင်းအရ အတွင်းကိုချိုးဝင်ပြီး ချိတ်ဆက်တာ၊ကန်သွင်းတာတွေမှာ ပိုမိုအားသာစေပါတယ်။

အန်တိုနီ ရဲ့ သွင်းဂိုး ဟာ တန်ဟဂ် ရဲ့ နည်းစနစ်အတွေးခေါ် နဲ့ မဟာဗျူဟာ ကို ချပြခဲ့တဲ့ သွင်းဂိုး ဖြစ်ပြီး ဒဟေးယား ကစလို့ အဆုံးသတ်သူ အန်တိုနီ အထိ one touch နဲ့ ကစားသမား (၁၁)ယောက်လုံး ပါဝင်ပက်သက်ခဲ့ကြပါတယ်။အန်တိုနီ ဟာ တိုက်စစ်ပိုင်းမှာတင်မကပဲ ခံစစ်ပိုင်းအတွက်လည်းအားထားရသူဖြစ်တယ်ဆိုတာကို ညာတောင်ပံတကြောမှာ တောက်လျှောက် အတက်/အဆင်းမှန်မှန် ပြုလုပ်ကာ တားဆီးတာတွေ ပြုလုပ်ခဲ့သလို def zone အထိ သူ့ရဲ့ လုပ်အားနှုန်းကောင်းကောင်းနဲ့ အဖျတ်တောက်ပြုလုပ်တာတွေမြင်တွေ့ခဲ့ရပါတယ်။

ယူနိုက်တဒ်ကို စတင်ရောက်ရှိချိန်ထဲက အပျော်လွန်နေသလို ဂိုးသွင်းပြီး အားပါးတရ အောင်ပွဲခံတာမျိုးက သူ့ရဲ့ ဒီဂျာစီအပေါ်ထားရှိတဲ့ ရူးသွပ်မှုကို မြင်သာစေသလို အသင်းအတွက်၊ဂျာစီအတွက် ရင်ဘတ်ပေါ်ကတံဆိပ်အတွက် သေသေကြေကြေ ကစားမယ့် ကစားသမားဆိုတဲ့ အထင်ကြီးမှုမျိုး ရရှိစေပါတယ်။နောက်ဆုံးပြောချင်တာကတော့ အန်တိုနီ ကို ဘာလို့ ယူရိုသန်း(၁၀၀) ပေးဝယ်လည်းဆိုရင် “သိပ်ကောင်းလို့ပေါ့ကွာ” လို့သာ ပြောလိုက်ပါ မိတ်ဆွေ