ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ဟာလန်း vs မာတီနက်ဇ်တွဲဆိုင်းအပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂွာဒီယိုလာ

Posted on

ပရိသတ်တွေအကုန်လုံး စောင့်မျှော်နေတဲ့ တွဲဆိုင်းတတွဲကတော့ မကြာခင်လာတော့မှာပါ။ တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီပွဲကစားမှာဖြစ်ပြီး မန်စီးတီးအတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဟာလန်းနဲ့ ယူနိုက်တက်အတွက် ခြေစွမ်းပြနေတဲ့ နောက်ခံလူမာတီနက်ဇ်တို့ ထိပ်တိုက်တွေ့တော့မှာပါ။

ဒီရာသီမှာ အသင်းသစ်ကိုယ်စီကိုရောက်လာပြီး အကောင်းဆုံးခြေစွမ်းပြနေတဲ့ နှစ်ယောက်က တည့်တည့်တိုးတော့မှာပါ။ “ဟာလန်းက မာတီနက်ဇ်နဲ့မတွေ့သေးလို့ ဂိုးတွေရနေတာ” ၊ “မာတီနက်ဇ်ကတော့ ဟာလန်းနဲ့တွေ့ရင် ပြဲကွဲပြီးကျန်နေခဲ့မှာ” ဆိုတဲ့ အသံတွေမှာ ဘယ်သူပြောတာက မှန်မလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းတွေ့ရတော့မှာပါ။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာတုန်းကတော့ သူတို့နှစ်ယောက် ရင်ဆိုင်ခဲ့ဖူးပါတယ်။ အေဂျက်ဇ်နဲ့ ဒေါ့မွန်တို့ အုပ်စုအဆင့်မှာတွေ့ခဲ့တာဖြစ်ပြီး အမ်စတာဒမ်မှာကစားခဲ့တဲ့ပွဲမှာ ဟာလန်းပါဝင်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ဒီတော့ ရှားရှားပါးပါးတွေ့ဆုံထားတဲ့ မှတ်တမ်းမှာတော့ မာတီနက်ဇ်က အသာရနေတယ်လို့ ပြောရပါမယ်။ အခုတော့ ဟာလန်းက ဒေါ့မွန်ထက်ပိုကောင်းတဲ့အသင်းကိုရောက်နေပြီး ခြေစွမ်းကလည်းကောင်းလွန်းအားကြီးနေပါတယ်။

မာတီနက်ဇ်ကလည်း ယူနိုက်တက်မှာ အချိန်ခဏလေးအတွင်း ပရိသတ်အကြိုက်ဆုံးကစားသမားဖြစ်လာသူပါ။ တော်တန်ရုံတိုက်စစ်မှူးဆိုရင် သူ့အိတ်ကပ်ထဲ ကောက်ထည့်ထားတာပါ။ ဟာလန်းနဲ့ နောက်တကြိမ်တွေ့ချိန်မှာ အေဂျက်ဇ်မှာတုန်းကလိုပဲ အိတ်ကပ်ထဲထည့်ထားဦးမလား၊ ဒါမှမဟုတ် ဟာလန်းပြုသမျှနုရတော့မလားဆိုတာ မကြာခင်သိရတော့မှာပါ။

အဆိုပါ တွဲဆိုင်းအပေါ် မန်စီးတီးနည်းပြကြီး ပက်ဂွာဒီယိုလာကတော့ အခုလိုပဲ မှတ်တ်ချက်ပေးသွားခဲ့ပါတယ်။ ပက်က

“အာလင်း ( ဟာလန်း ) က အရပ်ပိုရှည်တာ အသိသာကြီး ပါပဲ ။ ဒါပေမယ့် ဘောလုံးမှာ ဥဏ်ရည် ဉာဏ်သွေး နဲ့ ရဲစွမ်းသတ္တိက ပိုပြီး အဓိက ကျတာပါ ။ အရပ်ရှည်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတာ သူ့အတွက် ( လီဆန်ဒရို မာတီနက် ) ပထမဆုံး မဟုတ်ပါဘူး ။ သူ့မှာ အတွေ့အကြုံ ရှိပြီးသားပါ။အရွယ်အစားနဲ့ ပတ်သက်ပြီး လူတွေ အထင်မြင် သေးကြတဲ့အခါမျိုးမှာ အဲ့ဒိ ကစားသမားက ‘ငါဒီမှာဟေ့’ ဆိုပြီး သက်သေပြလိုက်နိုင်တာကို ကျွန်တော် အရမ်း သဘောကျပါတယ် ။”

” လီဆန်ဒရို မာတီနက် က တကယ်ကောင်းတဲ့ ကစားသမားပါ ။ ကစားတာ အားပါတယ် ၊ အသင်းနဲ့လည်း ရောနှော နိုင်ပါတယ် ။ ဒါကြောင့်လည်း ယူနိုက်တက် က သူ့အတွက် ငွေသုံးခဲ့တာပါ ။ အဲရစ် တန်ဟတ် က သူ့အကြောင်းကို ကောင်းကောင်း သိထားပါတယ်။ဟာလန်း vs မာတီနက် ကိစ္စ ကတော့ ကွင်းထဲမှာပဲ ကြည့်ကြတာပေါ့ ။ ဖြတ်တင်ဘောတွေ လာတဲ့ အခါမျိုးမှာ ဟာလန်း က အရပ်ပိုရှည်တဲ့သူ ဖြစ်တာကတော့ အမှန်ပါပဲ” လို့ ဆိုပါတယ်။