အခြေနေ (၂)ခုကို လက်ခံမှ လူစာရင်းထဲ ပြန်ထည့်မယ်လို့ ရော်နယ်ဒိုကို သတိပေးလိုက်တဲ့ အဲရစ်တန်ဟဂ်

Posted on

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ တိုက်စစ်မှုး ရော်နယ်ဒိုကို ယခုအပတ်မှာ အသင်းလူစာရင်းထဲ ပြန်လည်ပါဝင်နိုင်မယ့် အခွင့်အရေး ကမ်းလှမ်းသွားမှာဖြစ်ပေမယ့် လူစာရင်းထဲက ၎င်းရဲ့ အခန်းကဏ္ဍ လျှော့ချခြင်းခံထားရတာကို လက်ခံပြီး ပြီးခဲ့တဲ့အပတ်ကို အပြုအမူတွေ ထပ်မံ ပြသခြင်းမပြုလုပ်ဘူးဆိုတဲ့ကတိကို ပေးရမယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့က တော့တင်ဟမ်ဟော့စပါးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲပြီးဆုံးခါနီး လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး ပွဲကစားနေတုန်းမှာပဲ ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းနဲ့ သရေကျခဲ့တဲ့ စနေနေ့ပွဲစဉ်အတွက် လူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ပထမအသင်း လေ့ကျင့်ရေးကိုလည်း ပူးပေါင်းပါဝင်ခွင့် ပိတ်ပင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

တန်ဟက်ရဲ့အသင်းဟာ ကြာသပတေးနေ့ည ရှီရစ် တီရာစပေါ်နဲ့ပွဲစဉ်မတိုင်ခင် ယနေ့မှာ နားရက်ပေးခြင်းခံထားရတာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြက ရော်နယ်လ်ဒိုအနေနဲ့ ယခုရာသီမှာ ပါဝင်ကစားပေးဖို့ အခန်းကဏ္ဍရှိနေသေးတယ်လို့ ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဟာ ဝါရင့်တိုက်စစ်မှူးအနေနဲ့ ၎င်းရဲ့ လူစာရင်းရွေးချယ်မှုနဲ့ ပြီးခဲ့တဲ့အပတ်က စပါးစ်နဲ့ပွဲစဉ်ကလိုမျိုး စိတ်ပျက်ဒေါသထွက်မှုကို ထုတ်ဖော်ပြသမှုမျိုး မလုပ်ဖို့ သဘောတူညီမယ်ဆိုရင် ပထမအသင်း လေ့ကျင့်ရေးမှာ ပြန်လည်ပူးပေါင်းပါဝင်ခွင့်ပေးသွားမှာဖြစ်ပေမယ့် ရော်နယ်လ်ဒိုအနေနဲ့ အသင်းမှာ ၎င်းရဲ့ အခန်းကဏ္ဍ လျော့နည်းလာတာကို လက်ခံဖို့ ငြင်းဆန်မယ်ဆိုရင်တော့ လာမယ့်ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါ်တူဂီကြယ်ပွင့်ရဲ့အပြောင်းအရွှေ့အတွက် ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို မက်ဒရစ်၊ ပီအက်စ်ဂျီတို့ကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

နာပိုလီ၊ ဒေါ့မွန်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ကလည်း ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဘလွန်ဒေါဆု ၅ ရှင်ကို ခေါ်ယူရမယ့် ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေမှုကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။