လီဗာပူးလ်ကိုသာ အရေးနိမ့်ရင် သမိုင်းတရားခံဖြစ်သွားဖွယ်ရှိတဲ့ တန်ဟဂ်

Posted on

အဲရခ်တန်ဟဂ် ရဲ့ ရာသီကြိုခြေစမ်းပွဲရလာဒ်တွေ ကောင်းမွန်မှုက ပရိတ်သတ်တွေ အတွက် ရာသီသစ်ကို အားတက်စရာဖြစ်ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ယူနိုက်တဒ် ဟာ ဒုံရင်းအတိုင်းပဲ ဆိုးရွားလှတဲ့ အခြေအနေတွေဆီ ပြန်လည်ရောက်ရှိသွားပါတယ်။ယူနိုက်တဒ် အနေနဲ့ ရာသီကြိုပြင်ဆင်မှုအားကောင်းခဲ့ပေမယ့် နွေဈေးကွက်အတွင်း ဝယ်ယူဖြည့်တင်းရေး တွေ လုပ်ဆောင်ရာမှာ အားနည်းခဲ့မှုအပါဝင် ရော်နယ်ဒို နဲ့ အသင်းသားတွေကြား မကျေလည်မှုတချို့က အခြေအနေကိုပိုမိုဆိုးရွားစေလာတာပဲ ဖြစ်ပါတယ်။

လက်တလောမှာတော့ ရာသီအစ အဖွင့်နှစ်ပွဲရှုံးနိမ့်မှုကြောင့် ဝေဖန်မှုတွေ မြင့်တက်နေသလို တန်ဟဂ် အတွက်လည်းစံချိန်ဆိုးတွေက ဆက်တိုက်ရရှိနေတာကြောင့် အခြေအနေတွေက ဆိုးရွားနေတယ်လို့ သတ်မှတ်ရမှာပါ။

မန်ယူနိုက်တဒ်အသင်းသာ လာမယ့် လီဗာပူးလ် နဲ့ ပွဲမှာ သွင်းဂိုး မရရှိခဲ့ရင် ဩဂုတ်လအတွက် တစ်လတာအကောင်းဆုံးဂိုးအဖြစ် ဘရိုက်တန် နဲ့ ပွဲကရခဲ့တဲ့ own goal ကို သတ်မှတ်ဆုပေးရပါလိမ့်မယ်။

မန်ယူနိုက်တဒ် အသင်းဟာ ၁၉၉၂ နောက်ပိုင်း ရာသီအဖွင့်ပွဲ ရှုံးနိမ့်ဖူးထားခြင်းမရှိပဲ ယခုမှ ပထမဆုံး ရှုံးနိမ့်တာဖြစ်ပါတယ်။မန်ယူနိုက်တဒ် အသင်းဟာ ဘရန်းဖိုဒ့် အသင်းကို မရှုံးနိမ့်တာက နှစ်ပေါင်း (၄၀) နီးပါးကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်မှာတော့ အဆိုပါစံချိန်က ကျိုးပြတ်သွားပြီပဲ ဖြစ်ပါတယ်။

လီဗာပူးလ်ကို ထပ်မံရှုံးနိမ့်ခဲ့ရင် အသင်းသမိုင်းတလျှောက်ဩဂုတ်လအတွင်း ပထမဆုံး (၃)ပွဲဆက်အရေးနိမ့်မှုဖြစ်လာမှာဖြစ်ပြီး ပထမဆုံး အဆင့်(၂၀) နဲ့ ဇာတ်သိမ်းရတဲ့ လ ဖြစ်လာလိမ့်မယ်။ယူနိုက်တဒ်ဟာ ဆာအဲလက်စ် လက်ထက်မှာ (၄+)ဂိုးနဲ့အရေးနိမ့်မှုအဖြစ် (၂၁)နှစ်အတွင်း (၃)ပွဲသာ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ နောက်ဆုံး (၅)လအတွင်း (၃)ပွဲကြုံတွေ့ထားပါတယ်။

ယူနိုက်တဒ် အနေနဲ့ လက်တလောခြေစွမ်း နဲ့ စွမ်းဆောင်ရည်အရ နိမ့်ပါးနေတယ်ဆိုပေမယ့် လီဗာပူးလ် အသင်းကလည်း ခြေကျနေသလို ကစားသမားအများအပြား ဆုံးရှုံးထားတာကြောင့် ပွဲစဉ်(၃)ဖြစ်လာမယ့် အဆိုပါပွဲကိုတော့ သေချာပေါက်အနိုင်ရယူပြဖို့အရေးတကြီးလိုအပ်နေပါတယ်။