မြက်ခင်းစိမ်းပေါ်မှာ တစ်ဖန်ပြန်လည်မြင်တွေ့ရတော့မယ့် သစ်သားစိမ်းလေး

Posted on

မန်ယူနိုက်တဒ် ရဲ့ အားထားရပြီး အနာဂတ်အဖြစ် သတ်မှတ်ခံထားရတဲ့ လူငယ်တိုက်စစ်မှုး မေဆင်ဂရင်းဝုဒ် ရဲ့ တရားစွဲဆိုခံထားရတဲ့ အမှုများ မှ ပလပ်ခံရပြီးနောက် မကြာခင်မှာ အိုးထရဒ့်ဖိုဒ့် မြက်ခင်းပြင်ပေါ်ကို တက်ရောက်လာတော့မယ်လို့ သတင်းတွေ ကျယ်ပျံ့စွာ ထွက်ပေါ်လာပါတယ်။

ဂရင်းဝုဒ် ဟာ ယခုနှစ်ဇန်နဝါရီမှာ အတူနေချစ်သူဖြစ်သူအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ မတရားကျင့်ရန် ကြံစည်မှုတွေ နဲ့ စွဲချက်တင်ခံရပြီး အသင်းကနေ ယာယီဖယ်ထုတ်ခံရကာ တရားရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။ ဂရင်းဝုဒ် ရဲ့ ပြသနာတွေ ထွက်ပေါ်လာခြင်းမှာပဲ အမျိုးသမီးအခွင့်အရေးလှုပ်ရှားကြတဲ့ အဖွဲ့စည်းတိုင်းက ပြင်းထန်စွာဝေဖန်ခဲ့တာကြောင့် Nike အပါဝင်စပွန်ဆာကုမ္ပဏီကြီးတွေက မေဆင် နဲ့ စာချုပ် ချုပ်ဆိုမှုကနေ ဖယ်သွေခဲ့ကြပါတယ်။

မန်ယူနိုက်တဒ်အသင်းကတော့ ဂရင်းဝုဒ် ကို စာချုပ်ဖျတ်သိမ်းခြင်းမပြုလုပ်ပဲ မူလလစာပေးချေကာလေ့ကျင့်ခန်းဆင်းခွင့်သာ ပိတ်ပင်ခဲ့ပါတယ်။ ယခုရာသီမှာတော့ ပရီးမီးယားလိဂ် လူစာရင်း အဆုံးသတ်စာရင်းတင်သွင်းချိန်မှာ ဂရင်းဝုဒ် ကို ထည့်သွင်းခဲ့သလို သတင်းတချို့အရ ဂရင်းဝုဒ် ဟာ ကာရင်တန် မှာ သီးသန့်လေ့ကျင့်ခန်းဆင်းလျက်ရှိတယ်လို့ သိရပါတယ်။တန်ဟဂ် အနေနဲ့ ဂရင်းဝုဒ် ကို အထောင်တိုက်စစ်မှုးစစ်စစ် အဖြစ် ကစားစေလိုပြီး ပြန်လည်ပါဝင်ခွင့်ရတာနဲ့ ရော်နယ်ဒို ထွက်ခွာမယ့် အထောင်တိုက်စစ်နေရာအတွက် ကျောနံပတ်(၉) ကို ဆက်ခံမယ့်သူဟာ ဂရင်းဝုဒ် သာ ဖြစ်လာဖွယ်ရှိပါတယ်။

မေဆင်ဂရင်းဝုဒ် နဲ့ သူ့ရဲ့အတူနေ ချစ်သူ တို့ကြားက ပြသနာဟာ ၂၀၂၁ ထဲက ဖြစ်ခဲ့တာဖြစ်ပြီး Hacker တစ်ဦးရဲ့ လုပ်ကြံမှုကြောင့်သာ လူမှုကွန်ရက်ပေါ်ကို ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ဂရင်းဝုဒ် ရဲ့ ပြသနာတွေနဲ့ ပက်သက်လို့ ရဲတပ်ဖွဲ့၊တရားရုံး နဲ့ သက်ဆိုင်သူတွေက ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် လက်ရှိအချိန်မှာတော့ ဂရင်းဝုဒ် ဟာ သူ့ကို တရားစွဲဆိုထားတဲ့ ချစ်သူဟောင်းနဲ့ လူမှုကွန်ရက် မှာ အပြန်လှန် follow ပြုလုပ်ခဲ့ကြတာကြောင့် အမှုဟာ အခြေအနေကောင်းလာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။သတင်းတွေအရ ဂရင်းဝုဒ် ဟာ တရားနိုင်ခဲ့ပြီးဖြစ်သလို ကြေအေးလည်းယူခဲ့ပြီး ဖြစ်တာကြောင့် မကြာခင်မှာ မြက်ခင်းပြင်ပေါ် တကျော့ပြန်ခြေချဖို့ စောင့်ဆိုင်းနေပြီ လို့ သိရပါတယ်။