ရပ်ဖို့ဒ်ရဲ့အနာဂတ်၊ ရော်နယ်ဒိုရဲ့ပွဲထွက်ခွင့်နဲ့အတူ မပါဝင်နိုင်တဲ့ ကစားသမားနှစ်ဦးကို ကြေငြာလိုက်တဲ့ တန်ဟတ်

Posted on

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ည 11 နာရီ အချိန်မှာတော့ ဘရန်းဖို့ဒ် ကွန်မြူနတီ ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် 2 အဖြစ် ဘရန်းဖို့ဒ် အသင်း နဲ့ ယှဉ်ပြိုင် ကစားသွားရဖို့ ရှိနေပါတယ် ။

ဒီပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ ခြေစွမ်းကောင်း မပြနိုင် ဖြစ်နေခဲ့ရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့အကြောင်း အမေးခံလိုက်ရချိန်မှာတော့ သူ့ရဲ့ plan ထဲ ပါဝင်သူ ဖြစ်ကြောင်း အတည်ပြု သွားခဲ့လိုက်ပါတယ် ။

မနေ့ကပဲ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေက လီဂူးဝမ်း ထိပ်သီး PSG အသင်းဟာ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ် ။

ရပ်ဖို့ဒ်နဲ့ပတ်သက်ပြီး ” သူဟာ တကယ့်ကို အရေးကြီးတဲ့ ကစားသမား ပါပဲ ။ ဒါကို ကျွန်တော် စရောက်တဲ့ ပထမနေ့ ကတည်းက ခင်ဗျားတို့ မြင်တွေ့ခဲ့ကြမှာပါ ။ သူနဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်မိပါတယ် ။ သူ့ကို ကျွန်တော် မဆုံးရှုံးချင်ပါဘူး ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကျွန်တော့်တို့ရဲ့ plan ထဲ ပါဝင်သူပါပဲ ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဆက်လက်ပြီး ယူနိုက်တက်နဲ့အနာဂတ် မရေမရာဖြစ်နေတဲ့ ရော်နယ်ဒိုအနေနဲ့ ယနေ့ညမှာ ပွဲထွက် ကစားမလားဆိုတာကိုတော့ တန်ဟတ် က…

” သူဟာ လေ့ကျင့်ရေးကွင်းထဲ ကောင်းမွန်တဲ့ ရက်သတ္တပါတ် တစ်ခု ပိုင်ဆိုင်ခဲ့ရပါတယ် ။ သူဟာ နာရီဝက် ထက် ပိုကြာအောင် ကစားပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ သူဟာ ပွဲတစ်ဝက် ကစားပေးခဲ့တာ နှစ်ပွဲဆက် ရှိနေခဲ့ပါပြီ ။ မနက်ဖြန် ပွဲထွက် ကစားသမား XI ယောက်ကိုတော့ စောင့်ကြည့်ကြတာပေါ့ ။ အဲ့တာကို ကျွန်တော် ဆုံးဖြတ်ရမှာပါ ” လို့ ဖြေခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရာသီ အဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူး အန်သိုနီ မာရှယ် နဲ့ နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် တို့ဟာ ပွဲထွက် ကစားခွင့် ဆုံးရှုံးခဲ့ကြ ပါတယ် ။ အခုပွဲမှာ သူတို့ ပြန်လည် ပါဝင်နိုင်မလားလို့ အမေးခံရတဲ့ အခါမှာတော့ ” သူတို့ရဲ့ အနေအထားက အရင်လိုပါပဲ ” လို့ တန်ဟတ် က အတည်ပြု သွားခဲ့လိုက်ပါတယ် ။