ရာသီအစမှာ အခြေနေမကောင်းတဲ့နောက် အပြောင်းရွှေ့အတွက် ကတိပေးလိုက်တဲ့ အဲရခ်တန်ဟဂ်

Posted on

အဖွင့်ပွဲမှာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းကတော့ မနေ့ညမှာလည်း ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၄ ဂိုးပြတ် အရှက်ရဖွယ် ထပ်မံရှုံးနိမ့်ခဲ့ပြီး ဇယားအောက်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြကြီး တန်ဟတ်ကတော့ ရာသီအဖွင့်ပွဲတွေမှာ အခြေအနေမကောင်းတဲ့နောက် အပြောင်းရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားသစ်တွေ ခေါ်ယူမယ်လို့ ကတိပေးလိုက်ပါတယ်။

ယူနိုက်တဒ်နည်းပြကြီး အဲရခ်တန်ဟဂ် ကတော့ လာမယ့် စက်တင်ဘာ (၁)ရက်နေ့ အပြောင်းရွှေ့ဈေးကွက်ပိတ်ပြီးနောက် လူစာရင်းဟာ လက်ရှိထက်ပိုမို ကောင်းမွန်ပြီး တောင့်တင်းစေရမယ်လို့ ကတိပေးလိုက်ပါတယ်။

ယူနိုက်တဒ် ရဲ့ အပြောင်းအရွှေ့ချဉ်းကပ်မှုတွေအပေါ် ပရိတ်သတ် တွေက စိတ်ပျက်နေကြသလို လက်ရှိအချိန်မှာ ဖရန်ကီဒီဂျောင် အပြောင်းရွှေ့ကြန့်ကြာနေတာအပါဝင် ကစားသမားများစွာ ခေါ်ယူရမယ့် အခြေအနေ မှာ လုပ်ဆောင်မှုတွေ နှေးကွေးနေတာကြောင့် အားကစားဒါရိုက်တာ မော့တော့ဂျ် အပြင် အမှုဆောင်ချုပ် ရစ်ချက်ဒ်အာနိုးလ် ကပါ ဝေဖန်ပြစ်တင်ခံနေရပါတယ်။

သို့သော်လည်း တန်ဟဂ် ကတော့ အသင်းရဲ့ အပြောင်းရွေ့ပေါ်လစီ နဲ့ မူဝါဒ က သူ့စိတ်တိုင်းကျ တသားထဲ ရှိနေပြီး မကြာခင်မှာ အကောင်ထည်ပေါ်လာလိမ့်မယ်လို့ဆိုပါတယ်။

တန်ဟဂ်က “ကျွန်တော်တို့ကြားမှာ ပေါင်းစည်းလုပ်ဆောင်မှုတွေကောင်းမွန်သလို အသင်းရဲ့ လိုက်လျောမှုအပေါ်ကျွန်တော်လည်း ကျေနပ်မိပါတယ်။ကစားသမားသစ်တွေကို ရာသီမစတင်ခင် နွေရာသီလေ့ကျင့်ရေးမှာထဲကရထားရင်တော့ ပိုကောင်းတာပေါ့ ။ ဘာကြောင့်လည်းဆို ရာသီသစ်အတွက်ပြင်ဆင်တဲ့နေရာမှာ အရာအားလုံးကို ကြိုတင်စီစဉ်လို့ရနိုင်တယ်လေ။”

” ကျွန်တော့်ရဲ့ မူလအစီစဉ်ကလည်း ရာသီကြိုလေ့ကျင့်ရေးမှာပဲ ကစားသမားအားလုံးရရှိနိုင်ဖို့ ရည်ရွယ်ထားတာပါ၊ကျွန်တော့်ရဲ့ အစီစဉ်တွေကို တိတ်တဆိတ်နဲ့ပဲ ခပ်မြန်မြန်လုပ်ဆောင်ချင်ပေမယ့် အဆုံးသတ်မှာတော့ ပိုမိုရှည်ကြာတဲ့ ကာလတစ်ခုကိုဖြတ်သန်းနေရတယ်လေ၊သေချာတာတစ်ခုကတော့ ကျွန်တော်တို့ခေါ်ယူမယ့် ကစားသမားက အသင်းအတွက် မှန်ကန်တဲ့ သူ ဖြစ်ရမယ်ဆိုတာပါပဲ”လို့ဆိုပါတယ်။

သတင်းထောက်တွေရဲ့ စက်တင်ဘာ(၁)မှာ အသင်းလူစာရင်းကပိုမိုတောင့်တင်းလာမှာလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ တန်ဟဂ်က “သေချာတာတော့ ကျွန်တော်တို့ပိုကောင်းပြီး တောင့်တင်းတဲ့ လူစာရင်းတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။