ခြေစွမ်းမပြနိုင်ရင် တန်ဟဂ်ရဲ့ခပ်ကြမ်းကြမ်း အပြစ်ပေးမှုပုံစံကို ဖွင့်ဟလိုက်တဲ့ လုခ်ရှော

Posted on

အဲရခ်တန်ဟဂ် လက်ထက်မှာ ဘယ်ကစားသမားမဆို ပုံစံကောင်းပြသနေမှုကို ထိန်းသိမ်းထားနိုင်ရန်လိုအပ်ပြီး ခြေစွမ်းကျဆင်းတာ နဲ့ နောက်ပွဲကို အရံခုံထိုင်ရမှာ ဖြစ်ပြီး ဒါဟာ ယခင်နည်းပြတွေနဲ့ လုံးဝမတူညီတဲ့ အချက်ဖြစ်တယ်လို့ ရှော က ဖွင့်ဟလိုက်ပါတယ်။ တန်ဟဂ် က ယခုရာသီမှာ ရော်နယ်ဒို ကို ပုံစံကောင်းမရတာကြောင့် ရာသီအစ နှစ်ပွဲနောက်ပိုင်းမှာ ခေါက်ထားခဲ့သလို မက်ဂွိုင်းယား ကိုလည်း လူစာရင်းကနေ ဖယ်ထုတ်ခဲ့ပါတယ်။ ပွဲတချို့မှာ ခြေစွမ်းကျဆင်းခဲ့တဲ့ တော်မနေး၊ဆန်ချို တို့ကိုလည်း သတိပေးတဲ့အနေနဲ့ ချန်လှပ်ခဲ့ပါသေးတယ်။ရှောကိုယ်တိုင်ကိုလည်း ပွဲအတော်များများချန်လှပ်ခဲ့ပြီး စိတ်တိုင်းကျအနေထားရောက်မှသာ မလာစီယာ နေရာကို ပြန်လည်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ရှော က “ကျွန်တော့်ရဲ့လက်ရှိပုံစံကောင်းရနေမှုအပေါ်ကျေနပ်ပါတယ် ။ ဒါပေမယ့်အရေးကြီးဆုံးက အသင်းရလာဒ်ကောင်းဖို့ပါပဲ။ကျွန်တော့်အတွက် ကစားဖို့အခွင့်အရေးရတာနဲ့အသင်းအတွက်အကောင်းဆုံးဖြစ်ဖို့ပဲ အာရုံစိုက်ထားပါတယ်။လက်ရှိနည်းပြနဲ့ပက်သက်ရင် အကောင်းဆုံးအချက်ကတော့ နောက်ဆုံးပွဲမှာ ပုံစံကောင်းမပြထားနိုင်ရင် နောက်ပွဲဝင်ကစားဖို့ မတွေးနဲ့ ဆိုတာပါပဲ။အတိတ် မှာ ဒီလိုအချက်လုံးဝမရှိခဲ့ပါဘူး ဒါကြောင့် လက်ရှိအချိန်မှာ နည်းပြက ကျွန်တော်တို့အားလုံးကို ပွဲစဉ်တစ်ခုချင်းစီတိုင်းမှာ ခြေစွမ်းအမြင့်ဆုံးရှိနေစေဖို့ ဖိအားပေးတာက အကောင်းဆုံး အချက်လို့ ပြောလို့ရပါတယ်။သူက ကစားသမားတိုင်းကို နေ့စဉ် ရာနှုန်းပြည့်အသင့်ရှိနေဖို့လိုလားပါတယ်။တကယ်လို့ ကြံခိုင်မှု ဖြစ်စေ၊ခြေစွမ်းဖြစ်စေ အနည်းငယ်ကျဆင်းနေတယ်လို့ သူခံစားမိရင် ဝင်ပါဖို့လုံးဝအခွင့်အရေးမရှိပါဘူး၊ဒါကတကယ်ကိုကောင်းမွန်တဲ့ အချက်ပါ”လို့ဆိုပါတယ်။

ဆက်လက်ပြီး ရှောက “ကျွန်တော့် ပထမနှစ်ပွဲရဲ့အခြေအနေနဲ့ပက်သက်လို့ ကျွန်တော့်ကိုယ် ကျွန်တော် သိပါတယ်။အရိုးသားဆုံးပြောရရင် နည်းပြက ကျွန်တော့်ကို ပြစ်တင်ကြိမ်းမောင်းပြီး ဘာတွေမှားနေတယ်ဆိုတာ ထောက်ပြဖို့ တောင်မလိုပါဘူး၊ ကျွန်တော့် အနေနဲ့အသင်းကနေ ယာယီထွက်ပြီးလေကောင်းလေသန့်ရှုဖို့လိုနေပြီဆိုတာ နားလည်ခဲ့ပါတယ်။အသင်းရလာဒ်တွေလည်း မကောင်းသလို ကျွန်တော့်ခြေစွမ်းကလည်းကျဆင်းနေတယ်လေ။”

” ဒါကြောင့် လေ့ကျင့်ရေးမှာပဲ နေ့တိုင်းခက်ခက်ခဲခဲလေ့ကျင့်ပြီး ကျွန်တော့်ရဲ့ခြေစွမ်းပုံမှန်ပြန်ဖြစ်ဖို့သာ ကြိုးစားခဲ့တာပါ၊နည်းပြကလည်း ကျွန်တော် ဘယ်လောက်ကြိုးစားနေတယ်ဆိုတာ မြင်တွေ့ခဲ့တယ်လေ၊ ဒါကြောင့် ကျွန်တော့်အတွက် အခွင့်အရေး ရလာချိန်မှာတော့ အမိအရစုပ်ကိုင်ခဲ့တာပါပဲ၊အခုဆိုရင် ကျွန်တော့်ကစားပုံလည်းတိုးတက်လာသလို အသင်းလည်း ပုံစံကောင်းရပြီး ရလာဒ်တွေ ကောင်းမွန်နေပါပြီ”လို့ဆိုပါတယ်။