အာတီတာအတွက် အဲရခ်တန်ဟဂ် ပေးခဲ့တဲ့ သင်ခန်းစာ

Posted on

မန်ယူနိုက်တဒ် ရဲ့ လေးပွဲဆက် တူညီလူစာရင်းမှာ အန်တိုနီ ကို ထည့်သွင်းခဲ့တာကလွဲရင် အဲရခ်တန်ဟဂ် က form မိနေတဲ့ အခင်းကျင်းကို အပျက်စီးမခံပဲ အသုံးပြုခဲ့ပါတယ်။သတင်းတွေအရ ကတ်စမဲရိုး၊ရော်နယ်ဒို တို့ ပါဝင်လာနိုင်တယ်လို့ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မှာတော့ ကစားပုံကောင်းပြီး အဆင့်(၁)ရောက်လို့ စိတ်ဓာတ်ပိုင်းတက်ကြွနေတဲ့ အာတီတာ ရဲ့ အာဆင်နယ် ကို သူ့ရဲ့ အကောင်းဆုံးအခင်းအကျင်း နဲ့သာ ဧည့်ခံခဲ့ပါတယ်။

အထူးသဖြင့် ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားတဲ့ အဲရခ်တန်ဟဂ် ဟာ လက်ရှိယူနိုက်တဒ် နဲ့ ကိုက်ညီစေဖို့ ပြောင်းလဲထားတဲ့ ဗျူဟာ ကိုသာ ထပ်မံအသုံးပြုခဲ့ပြီး ဒီနေ့ပွဲမှာအာဆင်နယ်ကိုအနိုင်ရဖို့ အတွက် တခေတ်တခါ က မန်ယူနိုက်တဒ် ရဲ့ ကစားပွဲတွေအတိုင်း စီမံထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲမတိုင်ခင်ထဲက ဝိန်းရွန်းနီ ရဲ့သတိပေးမှုဖြစ်တဲ့ အာဆင်နယ်ကို အနိုင်ယူချင်ရင် ခပ်ကြမ်းကြမ်း ကစားတတ်ဖို့လိုတယ်ဆိုတဲ့ အသိပေးမှုဟာ ဒီနေ့ပွဲမှာအလုပ်ဖြစ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ခပ်များများ ရခဲ့ပေမယ့် အာတီတာ တစ်ယောက် ထင်တိုင်းမပေါက်ခဲ့ခြင်းဟာ တန်ဟဂ် ဆင်ထားတဲ့ ထောင်ခြောက်ထဲ ဝင်တိုးမိခြင်းကြောင့်လည်းဖြစ်ပါတယ်။

ပွဲအစပိုင်းမှာ ယူနိုက်တဒ်က အသာစီး နဲ့ ကစားနေပေမယ့် အဲရခ်ဆင် ရဲ့ ပြစ်ဒဏ်ကျူးလွန်ခံရခြင်းကနေ တန်ပြန်တိုက်စစ်ပေါက်ပြီး ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် မဟာဗျူဟာ က ယုတ်ချည်း ပြောင်းလဲသွားပါတယ်။ ယူနိုက်တဒ် ဟာ အာဆင်နယ် ရဲ့ လျှင်မြန်မှုကို ထိန်းချုပ်ဖို့ အတွက် ခံစစ်ကိုပိုမို အာရုံစိုက်ခဲ့ပြီး horizontal pass တွေ နဲ့ ခပ်ကြဲကြဲ နေရာချထားမှု ကြောင့် man marking ကစားရခက်တဲ့ အာတီတာ ရဲ့အသင်းကို ကွင်းလယ်စည်းမှာ စမှတ်ပြုလုပ်ပြီး ခံစစ်မှာ အဝကျယ်တဲ့ ကတော့ ပုံစံဗျူဟာ နဲ့ zonal marking ပြုလုပ်ကာ တားဆီးစေခဲ့ပါတယ်။

အာဆင်နယ် ရဲ့ တိုက်စစ်က ယူနိုက်တဒ် ဂိုးဧရိယာနားကို ရောက်လာလေ နေရာလွတ်ရမှု ပိုမိုကြပ်တည်းလေ ဖြစ်လာသလို ကွင်းလယ်မှာ အာတီတာ အလိုကျ press မလုပ်ခဲ့တဲ့အတွက် counter press ပြန်မိပြီး ဂျေဇူး အိုဒီဂတ် တို့ လှုပ်မရတဲ့အဖြစ် အထိ ရောက်သွားခဲ့ရပါတယ်။

အာဆင်နယ် အနေနဲ့ အဆိုပါပြသနာကိုဖြေရှင်းဖို့ သရေကျချိန်နောက်ပိုင်းမှာ တိုက်စစ်ကို လူပိုထည့် ကစားစေခဲ့ပြီး တန်ဟဂ် ကတော့ ဒီအချိန် ကိုပဲ စောင့်နေတာဖြစ်လို့ သမင် ဟာ မုဆိုး ကျော့ကွင်းထဲ တည့်တည့်ဝင်တိုးမိချိန် အရာရာ ဟာ အသိခေါက်ခက်အဝင်နက်သွားပြီဆိုတာ ဘောလုံးကျွမ်းကျင်သူတွေနားလည်ခဲ့ကြပါတယ်။တန်ဟဂ် ဟာ အာတီတာ ထက် အတွေ့ကြုံ၊သမ္ဘာ ပိုရင့်ကြပ်တာကြောင့်လည်း အခုမှ ပရီးမီးယားလိဂ် ကို ရောက်ဖူးပေမယ့် ပထမဆုံးတွေ့ဆုံမှုမှာတင် ဂိုး/ခြေ အပြတ်သတ် နှိပ်ကွပ်နိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ် အတွက် ပညာကောင်းတွေ ချပြခဲ့တာပဲဖြစ်ပါတယ်။