ကြိုတင်ပေါက်ကြားထားတဲ့အတိုင်း ဖြစ်ပေါ်လာတဲ့ ဘလွန်းဒီအောဆုရှင်နဲ့ ဆုရရှိသူများစာရင်း

Posted on

တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကိုတော့ ကြိုတင်သတင်းထွက်ခဲ့တဲ့အတိုင်း ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာက ဆွတ်ခူးခဲ့ပါတယ်။ ဘန်ဇီမာဟာ Ballon d’Or ဆု ဆွတ်ခူးနိုင်တဲ့ (၈) ဦးမြောက် ရီးရဲလ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက (၄၄)ဂိုးသွင်း၊ (၁၅)ဂိုး ဖန်တီးနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ လာလီဂါ၊ ချန်ပီယံလိဂ်၊ စူပါကိုပါဖလားတွေ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ ၁၉၉၈ခုနှစ် ဇီဒန်းရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ရတဲ့ ပြင်သစ်ကစားသမားဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကနေ 12 ဦးမြောက် Ballon D’Or ဆုကို ဆွတ်ခူးနိုင်သူဖြစ်လာခဲ့သလို၊ ဒုတိယကြယ်စင်စုတွေထဲမှ စီရော်နယ်ဒို၊လူကာမိုဒရစ် တို့နောက် 3 ဦးမြောက် ဆွတ်ခူးရရှိခဲ့သူလဲ ဖြစ်လာပါတယ်။ ဆုလက်ခံရယူချိန်မှာ ကာရင်ဘန်ဇီမာက အသက် 34 နှစ်ရှိနေပြီဖြစ်တာကြောင့် အသက်အကြီးဆုံး ဆုရရှိသူလဲဖြစ်လာပါတယ်။

ရော်နယ်ဒိုကတော့  (၂၀၀၅) နောက်ပိုင်း အနိမ့်ဆုံးအဆင့်အဖြစ် ဘလွန်းဒီအော်သတ်မှတ်ချက်မှာ အဆင့် (၂၀) သာ ရရှိခဲ့ပါတယ်။မက်ဆီအတွက်လည်း (၂၀၀၅) နောက်ပိုင်း ဘလွန်းဒီအော် ဆန်ခါတင်စာရင်းကနေ ပထမဆုံး ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး တိုက်စစ်မှူးဆု (ဂတ်ဒ်မူလာဆု) ကိုတော့ ဘိုင်ယန်မြူးနစ်မှာ ကစားနေစဉ် စွမ်းဆောင်မှုတွေကြောင့် လက်ရှိဘာစီလိုနာတိုက်စစ်မှူး လီဝမ်ဒေါစကီးက ဆွတ်ခူးသွားပါတယ်။

တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို ဘာစီလိုနာအသင်းရဲ့ စပိန်ကွင်းလယ်လူ အလစ်ရှာပူတဲလက်စ်က ၂ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုကိုတော့ ရီးရဲလ်အသင်းရဲ့ ဘယ်လ်ဂျီယံဂိုးသမား ကော်တွိုက်စ်က ဆွတ်ခူးသွားပါတယ်။ ကော်တွိုက်စ်ဟာ ရီးရဲလ်ဂိုးသမားတွေထဲမှာ ဒီဆုကို ပထမဆုံး ဆွတ်ခူးနိုင်သူ ဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးအသင်းဆုကိုတော့ နည်းပြဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ဆွတ်ခူးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာနေးကတော့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာကြောင့် ဒီနှစ်မှာ ပထမဆုံးအကြိမ် ပေးအပ်တဲ့ ဆိုခရေးတီးဆုကို ဆွတ်ခူးခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံး လူငယ်ဆုကို ဘာစီလိုနာကွင်းလယ်လူ ဂါဗီက ဆွတ်ခူးသွားပါတယ်။