စတန်းဖို့ဒ်ဘရစ်က သရေပွဲမှာ ပေးဆပ်မှု ကြီးမားခဲ့ရတဲ့ မန်ယူနိုက်တက်

Posted on

စတန်းဖို့ဒ်ဘရစ်က သရေပွဲမှာ ပေးဆပ်မှု ကြီးမားခဲ့ရတဲ့ မန်ယူနိုက်တက်

ချဲလ်ဆီးနှင့် တဂိုးစီသရေကျသောပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရခဲ့သော မန်ယူနိုက်တက်နောက်ခံလူ ရာဖေးလ်ဗာရန်းဟာ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနေပါတယ်။ ပြင်သစ်သားဟာ ချဲလ်ဆီးတိုက်စစ်မှူး အော်ဘာမီယန်ကို တားဆီးရန်ကြိုးစားစဉ် ခြေကျင်းဝတ်လည်ကာ လဲကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ပွဲချိန် ၆၀ မိနစ်တွင် ဗစ်တာလင်ဒီလော့ဖ်နှင့် လူစားလဲခဲ့ရပြီး ကွင်းထဲမှမထွက်ခွာမီ ငိုကြွေးနေသော ၎င်းကို အသင်းဖော်များက နှစ်သိမ့်ပေးခဲ့သည်ကို တွေ့ခဲ့ရပါတယ်။အသက် ၂၉ နှစ်အရွယ် ပြင်သစ်သား ဗာရန်းဟာ  မန်စီးတီးအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင်လည်း ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့သေးပြီး ထိုစဉ်က ပွဲချိန် ၄၀ မိနစ်မှာပင် လင်ဒီလော့ဖ်နှင့် လူစားလဲခဲ့ရပါသေးတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက တလပင်မလိုတော့ရာ ဗာရန်းအနေဖြင့် ပြိုင်ပွဲအမီ ကြံ့ခိုင်မှုအပြည့်ပြန်ရရန် မသေချာသေးသလို ယူနိုက်တက်အသင်းဘက်ကလည်း ၎င်း၏ ဒဏ်ရာအခြေအနေအား အတိအကျမသိရသေးသောကြောင့် ကြေညာချက်မထုတ်ပြန်သေးပါဘူး။

ပြင်သစ်အတွက် ၈၇ ပွဲကစားကာ ၅ ဂိုးသွင်းထားသော ဗာရန်းဟာ ၂၀၁၆ ကမ္ဘာ့ဖလားနှင့် နေးရှင်းလိဂ်ဖလားများ ရယူထားပြီး နိုင်ငံအသင်းအတွက် အဓိက ခံစစ်ကျောက်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

ဗာရန်းရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ နည်းပြတန်ဟဂ်က ” ရာဖေးလ်ဗာရန်းဒဏ်ရာအပေါ်တော့ အခုချိန်ပြောဖို့ ခက်ခဲပါတယ်ဘယ်လိုအခြေအနေရှိနေလဲဆိုတာကိုပါဒါပေမယ့် 24နာရီအတွင်းစောင့်ကြည့်ပြီးသွားရင်တော့ အတိအကျသိရသွားမှာပါ အဲ့တော့စောင့်ကြည့်ဖို့ပဲအခုချိန်မှာ ပြောနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့လိုက်ပါတယ်။

ဗာရန်းဟာ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်သာမန်သာ ရှိခဲ့ပေမယ့်လည်း ဒီရာသီမှာတော့  မာတီနက်ဇ်နဲ့တွဲဖက်ပြီး အတော်လေး ခြေစွမ်းပြထားကာ  ယူနိုက်တက်ခံစစ်ရဲ့ အဓိက အစိတ်ပိုင်း ဖြစ်နေခဲ့ပါတယ်။ ဗာရန်းရဲ့ဒဏ်ရာ ရရှိမှုဟာ ပြင်သစ်အသင်းအတွက်သာ မက မန်ယူနိုက်တက်အသင်းအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက် တခု ဖြစ်လာခဲ့တာ သေချာပါတယ်။