ဒါဘီပွဲမတိုင်မီ တန်ဟဂ်ကို အာရုံနောက်စေဖို့ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်လိုက်တဲ့ ဂွာဒီယိုလာ

Posted on

မန်ချက်စတာဒါဘီဟာ ဆယ်စုနှစ်တစ်ခုကျော်အကြာ မှာတော့ သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားရမယ့် အဆင့်တန်းတစ်ခု ကို ပြန်လည်ရောက်ရှိလို့လာပါပြီ။ဆိုးလ်ရှားလက်ထက်တုံးက ဂွာဒီယိုလာ ကို စိတ်တိုင်းကျအနိုင်ကျင့်ခဲ့သည့်တိုင် နည်းဗျူဟာ၊နည်းစနစ် နဲ့ လူအင်အားပိုင်းကွာခြားချက်ရှိတာကြောင့် ထင်သာမြင်သာ မရှိလှပေမယ့် လက်ရှိအချိန်မှာတော့ တန်ဟဂ် ကြောင့် နှစ်သင်းကြား ခေါင်းတစ်လုံးစာကွာဟနေတဲ့ ကစားကွက်ပိုင်းဆိုင်ရာအခင်းအကျင်းက တန်းတူရည်တူအနေထားကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ဒါကြောင့်လည်း ယူနိုက်တဒ် နဲ့ ရင်ဆိုင်တိုင်း နှုတ်ဆိတ်လေ့ရှိတဲ့ ဂွာဒီယိုလာ က ဒိတစ်ကြိမ်တော့ တန်ဟဂ် ကို အာရုံနောက်စေဖို့ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။

ဂွာဒီယိုလာ က “မန်ယူနိုက်တဒ် မှာ နည်းစနစ်အရည်အသွေးအရရော ကြံခိုင်မှုအရပါ အားသာတဲ့ ကစားသမားတွေ အများအပြားရှိပါတယ်။အထူးသဖြင့် သူတို့ရဲ့ကွင်းလယ်မှာ အရည်သွေးမြင့်ကွင်းလယ်လူတွေဖြစ်တဲ့ ဘရူနို နဲ့ အဲရခ်ဆင်ရှိနေပြီး ကတ်စမဲရိုး နဲ့ တော်မနေး လို ကြံခိုင်မှူအင်မတန်ကောင်းတဲ့ ကစားသမား တွေ ပိုင်ဆိုင်ထားပါတယ်။မန်ယူနိုက်တဒ် က အမြဲတစေ ကြံခိုင်မှုပိုမိုအသားပေးတဲ့အသင်း ဖြစ်တာကြောင့်လည်း သူတို့ရဲ့စုဖွဲ့မှုက သိပ်ကောင်းတဲ့ အခြေအနေမှာ ရှိနေတာပါ။ ပြီးတော့ အိုးထရဒ့်ဖိုဒ့် က အီတီဟဒ် ထက် ပိုပြီး ခမ်းနားတယ်ဆိုတာလည်း အမှန်တရားပါပဲ ဒါပေမယ့် ဒီကွင်းက ကျွန်တော်တို့ကွင်းပါ၊ အနိုင်ရဖို့ပဲ ဦးတည်သွားမှပါ”လို့ဆိုပါတယ်။

တန်ဟဂ် နဲ့ ပက်သက်ပြီးတော့ ” အဲရခ်တန်ဟဂ် နဲ့ ပက်သက်ရင် သူ့အပေါ်မှာ အတော်လေး အထင်ကြီးလေးစားမှုရှိပါတယ်။သူ့ရဲ့ဟော်လန် က လုပ်ပြခဲ့တဲ့အရာတွေ အထူးသဖြင့် အိုင်းယက်စ် နဲ့ ရယူခဲ့တဲ့ အောင်မြင်မှုတွေက တကယ်ကို အထင်ကြီးဖို့ကောင်းပါတယ်။အိုင်းယက်စ်မှာ သူလုပ်ပြခဲ့တာတွေက ဥရောပတလွှားက လူတွေ အတုယူခဲ့ရတယ်လို့တောင် ပြောလို့ရပါတယ်။”

” ဒါပေမယ့် ယနေ့ခေတ်မှာ အရာအားလုံးဟာ ရလာဒ်ပေါ်မူတည်နေတယ်ဆိုတာ အဲရခ်လည်းသိပါတယ်။ကျွန်တော်လည်း ဒီမှာနှစ်တွေအကြာကြီးတည်ရှိနေတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်တွေမှာဆုဖလားတွေရရှိထားလို့ပါ။အဲ့လိုမှ မဟုတ်ရင် ကျွန်တော်လည်း လွင့်စင်သွားတာ ကြာပါပြီ”လို့ဆိုပါတယ်။