ဆိုးလ်ရှားကြောင့် ဘဝပျက်မတတ် ဒုက္ခရောက်ခဲ့ကြတဲ့ ကစားသမားများ

Posted on

ဆိုးလ်ရှား လက်ထက် မန်ယူနိုက်တဒ် ဟာ ကစားပုံ နဲ့ နည်းစနစ်ပိုင်းအရ အားရလောက်စရာမရှိပေမယ့် ရလာဒ် နဲ့ ကစားအားအရတော့ ပရိတ်သတ်တွေ လက်ခံနိုင်တဲ့ အဆင့်တစ်ခုမှာ ရှိနေခဲ့ပါတယ်။ ဆိုးလ်ရှား စတင်ကိုင်တွယ်ခဲ့တဲ့ ရာသီဝက်မှာ အဆင့် (၆)နဲ့ ဇာတ်သိမ်းခဲ့ပေမယ့် ယူရိုပါလိဂ် ဆီမီး၊ဗိုလ်လုပွဲ နှစ်နှစ်ဆက် တက်ရောက်ခဲ့သလို လိဂ် မှာလည်း အဆင့် (၃-၂) အထိ တက်ရောက်လာခဲ့ပြီး လိဂ်ဖလားပွဲတွေမှာ ကွာတား၊ဆီမီး အဆင့်ကို အမြဲရောက်ရှိလေ့ ရှိပါတယ်။

ယူနိုက်တဒ် ရဲ့ ရလာဒ် ပိုင်း ကောင်းမွန်မှုမှာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုက အခရာကျပြီး ဆိုးလ်ရှားဟာ ကစားသမားတစ်ယောက်ချင်းစီတိုင်းရဲ့ အမြင့်ဆုံးစွမ်းရည်ကို ညှစ်ထုတ်ရာမှာ ဆရာဟောင်း ဖာဂီ နည်းပါး ထပ်တူကျသူအဖြစ် နာမည်ကြီးပါတယ်။

ဆိုးလ်ရှား လက်ထက်မှာ ပွဲအများဆုံး ကန်ခဲ့သူက မက်ဂွိုင်းယား ဖြစ်ပြီး အင်္ဂလန်သားဟာ ရောက်ရှိလာတဲ့ ၂၀၁၉ ကနေ စလို့ ယူရို ၂၀၂၀(၂၀၂၁) အထိ နားရက်မရပဲ စံချိန်တင် ပွဲဆက် ကစားခဲ့ရပါတယ်။ မက်ဂွိုင်းယား အနားယူခွင့်ရခဲ့တဲ့ ပွဲဟာ ရှားရှားပါးပါး လက်ချိုးလို့ ရေခဲ့သလို နိုင်ငံတကာပွဲတွေပါ ဆက် ကစားပြီးတဲ့နောက်မှာတော့ ဟယ်ရီ ဟာ အရည်ထုတ်ခံလိုက်ရတဲ့ ကြံ လို အခွံချည်းသပ်သပ် မွစာ ကျဲ သွားပါတော့တယ်။

ဆိုးလ်ရှား က ကစားသမားတွေ နဲ့ အနီးကပ်သူငယ်ချင်း ဆက်ဆံရေးမျိုးထူထောင်နိုင်ခဲ့ပေမယ့် ကစားသမားတချို့ကို ဒဏ်ရာရှိနေလျက် ပေတေပြီး အသုံးပြုတာတွေ လည်း ပြုလုပ်ခဲ့ပါသေးတယ်။ဆိုးလ်ရှား လက်ထက်မှာ ဒဏ်ရာရှိလျက် ကစားခဲ့ရသူတွေအများအပြားရှိပြီး ဒီထဲက မားကပ်စ်ရရှ်ဖိုဒ့် ကတော့ ကံ ဆိုးခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ဝုဗ် နဲ့ ပွဲမှာ ဂိုးလိုအပ်နေတာကြောင့် ဒဏ်ရာမပျောက်သေးတဲ့ ရရှ်ဖိုဒ့် ကို အသုံးပြုခဲ့တာကြောင့် ခါးဆစ် ဒဏ်ရာပါထပ်မံရရှိခဲ့ပါတယ်။ရရှ်ဖိုဒ့်ဟာ ပုခုံး နဲ့ ခြေချင်းဝတ် အပြင် ဒူး ဒဏ်ရာတွေလည်း ရထားတာကြောင့် အတော်လေး အထိနာထားပြီး ခါးစစ်ရိုးဒဏ်ရာပါ ရရှိခဲ့တဲ့နောက် ယူရိုအပြီးမှာတော့ အကြီးစားခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ခွဲစိတ်မှု ပြီးမြောက်ပေမယ့် ဒဏ်ရာအကင်းမသေတဲ့ ရရှ်ဖိုဒ့်ကို မနှစ်က ဆက်သုံးတာကြောင့် ခြေစွမ်းထိခိုက်ခဲ့ရပြန်ပါတယ်။တဆက်ထဲမှာပဲ ကိုဗစ် ကြောင့် ကြံခိုင်မှုကျဆင်းနေတဲ့ မာစီရယ် ကို ဆက်တိုက်အသုံးပြုခဲ့တာကြောင့် ခြေစွမ်းကျပြီး ဒဏ်ရာမကြာခဏများလာတာ၊ဗာရန်း လုခ်ရှော တို့ကို ဒဏ်ရာအကင်းမသေပဲ အသုံးပြုတာကြောင့် ထိခိုက်မှုပိုမိုများပြားတာတွေ ဖြစ်ခဲ့ရပါသေးတယ်။