မန်ယူနိုက်တက်ပရိသတ်တွေကို စိတ်လှုပ်ရှားစေမယ့် အန်တိုနီရဲ့အပြောင်းရွှေ့သတင်း

Posted on

အိုင်းယက်စ် တောင်ပံကစားသမား အန်တိုနီ ဟာ မန်ယူနိုက်တဒ် အသင်းထံ ပြောင်းရွှေ့ခွင့်ရရန်အတွက် အပြင်းအထန် ကြိုးပမ်းနေပြီး နယ်သာလန်ကလပ်ကိုတွန်းအားပေးလျက်ရှိပါတယ်။အေးဂျင့် နဲ့ တာဝန်ရှိသူတွေက လန်ဒန် မှာရှိတဲ့ ယူနိုက်တဒ်ရဲ့ ရုံးချုပ်ကို ရောက်ရှိနေသလို အန်တိုနီ ကိုယ်တိုင်ကလည်း အိုင်းယက်စ် အသင်းအနေနဲ့ ယူနိုက်တဒ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ တိုက်တွန်းလျက်ရှိပါတယ်။အန်တိုနီဟာ ပြီးခဲ့တဲ့ သောကြာနေ့ထဲက လေ့ကျင့်ခန်းဆင်းရန် ပျက်ကွပ်နေခဲ့ပြီး ယနေ့မှာလည်း လေ့ကျင့်ခန်းဆင်းဖို့ ထပ်မံပျက်ကွပ်ခဲ့ပါသေးတယ်။

အန်တိုနီ က မန်ယူနိုက်တဒ် ရဲ့ ယူရိုသန်း(၈၀)တန်ကမ်းလှမ်းချက်ကို အိုင်းယက်စ် အသင်းကပယ်ချလိုက်ပြီးနောက် လေ့ကျင့်ခန်းဆင်းရန် ပျက်ကွပ်ခဲ့တာဖြစ်ပြီး ဒချ့်လိဂ် ရဲ့ အဖွင့်ပွဲကိုလည်း ကစားရန် နည်းပြ ရဲ့ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။အိုင်းယက်စ်နည်းပြကြီးကတော့ သူ့အနေနဲ့ အသင်းအပေါ် ရာနှုန်းပြည့် အာရုံမစိုက်နိုင်တဲ့ ကစားသမားကို ပွဲထွက်ခွင့် ပေးမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

ယနေ့မှာလည်း အသင်းရဲ့လေ့ကျင့်ခန်းအစီစဉ်ကို အန်တိုနီ က လာရောက်ခြင်းမရှိပဲ လေ့ကျင့်ရေးကွင်းကိုသာ လာရောက်သတင်းပို့ခဲ့ပြီး ပုံမှန် ပြန်ချိန်ထက် (၂)နာရီစောကာ ပြန်ထွက်သွားခဲ့ပါတယ်။ အန်တိုနီ က အိုင်းယက်စ် လေ့ကျင့်ရေးကွင်းအပြင်မှာ စောင့်ဆိုင်းနေတဲ့ ပရိတ်သတ်တွေကို ဂျာစီတွေဝေငှခဲ့သလို လက်မှတ်ရေးထိုးပေးခဲ့ပြီး နှုတ်ဆက်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အန်တိုနီ အနေနဲ့ ယူနိုက်တဒ် ကို ပြောင်းရွှေ့လိုတဲ့ သူ့ရဲ့ဆန္ဒ နဲ့ ဆရာဟောင်းအဲရခ်တန်ဟဂ် နဲ့ ပြန်လည်ပေါင်းစပ်လိုတဲ့ အခြေအနေအပေါ် ရှင်းလင်းစွာပြောပြခဲ့ပြီးဖြစ်တာကြောင့် အိုင်းယက်စ် အနေနဲ့ ယူနိုက်တဒ် ရဲ့ ကမ်းလှမ်းမှုကို ညှိနှိုင်းပေးရန် တောင်းဆိုထားပါတယ်။

ကနဦး ကမ်းလှမ်းမှုအဖြစ် ယူရိုသန်း(၆၀+၂၀) နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့လို့ လက်ရှိအချိန်မှာတော့ ယူရိုသန်း(၇၀)+(၂၆)သန်း စုစုပေါင်း ယူရို(၉၆)သန်း နဲ့ ထပ်မံကမ်းလှမ်းဖွယ်ရှိပါတယ်။ ယူနိုက်တဒ် ရဲ့ တရားဝင်ကမ်းလှမ်းမှုကို ယနေ့ပြုလုပ်ဖွယ်ရှိတယ်လို့ သိရပြီး အိုင်းယက်စ်အသင်းဖက်က ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိပါတယ်။