တန်ဟဂ်လည်း မမှားသလို ရော်နယ်ဒိုလည်း မှန်ခဲ့တဲ့ လူစားလဲမှု ပြသနာ

Posted on

အဲရခ်တန်ဟဂ် နဲ့ ရော်နယ်ဒို လူစားလဲမှုငြင်းဆိုရာကနေ ထွက်ပေါ်လာတဲ့ အတင်းဖျင်းကြိုက်တဲ့ အင်္ဂလန်မီဒီယာကြောင့် တောမီးလို ပျံနှံ့အားကောင်းခဲ့ပြီး သတင်းခေါင်းစီးအဖြစ် မီးလောင်ရာလေပင့် ခဲ့တဲ့နောက် တော့တင်ဟမ် ကို နည်းဗျူဟာပိုင်းအရ အပြတ်အသတ် အသာစီးရခဲ့တဲ့ သတင်းကိုဖုံးလွှမ်းကာ မနက်ခင်းသတင်းစဉ်ဖြစ်ခဲ့ရပါတယ်။ အဆိုပါသတင်းကြောင့်ပဲ အသင်းရဲ့အဝတ်လဲခန်းမှာ ဝိဝါဒကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး One Team-One Boss စနစ် နဲ့ No one above the Team ဆိုတဲ့ဆောင်ပုဒ် အတိုင်း တန်ဟဂ်ကိုင်တွယ်ပုံမှန်ကန်ခဲ့လို့သာ အလျှင်အမြန်ငြှိမ်းသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တန်ဟဂ် သာ အကိုင်တွယ်မှားခဲ့ရင် ပေါဂ့်ဘာ နဲ့ ပြသနာတက်ခဲ့တဲ့ မော်ရင်ဟို လို အဝတ်လဲခန်း ယုံကြည်မှုကျဆင်းကာ ပုန်ကန်မှု နဲ့အတူ ထိန်းသိမ်းရခက်ခဲတဲ့ အခြေအနေကို ရောက်ရှိသွားဖွယ် ရှိပါတယ်။

တန်ဟဂ် အတွက် ရော်နယ်ဒို က ဗြဟ္မာကြီးဦးခေါင်းဆိုတာ ရာသီစထဲက ယူနိုက်တဒ် နဲ့ ပက်သက်သူတိုင်းသိကြပါတယ်။အသင်းကနေ အသည်းအသန်ထွက်ခွာလိုနေသူကို ပုံရိပ် နဲ့ ကြေငြာခတစ်ခုထဲကြည့်ပြီး ထားခဲ့တဲ့ ဂလေဇာရဲ့ လုပ်ရပ်က ဖွဲမီးလို တငွေ့ငွေ့လောင်ကျွမ်းစေခဲ့ပြီး အခုချိန်မှ မီးတောက်ကို မြင်ရတာပဲ ဖြစ်ပါတယ်။တကယ်တော့ရော်နယ်ဒို က အသင်းနဲ့နည်းပြကို မလေးစားတဲ့အပြုမူတွေ မကြာခဏ ပြုလုပ်ခဲ့ပြီး ဗလကာနို နဲ့ ပွဲမှာ ယခုလိုပဲ ပွဲမပြီးခင်ထပြန်တာ၊လူစားလဲခံရတိုင်း မကျေနပ်တဲ့ အပြုမူတွေ ပြုမူခဲ့ပါသေးတယ်။ သို့သော်လည်း ရော်နယ်ဒို ဆိုတဲ့အမည်နာမ ဟာ ပွဲကစားချိန် မိနစ်(၆၀)ဝန်းကျင် ဒါမှမဟုတ် နှစ်ဂိုးနဲ့အနိုင်ရပြီးချိန် (၇၀) ဝန်းကျင်မှာတော့ ထည့်သွင်းခဲ့သင့်ပြီး (၈၆)မိနစ်မှ ရော်နယ်ဒိုကို အသုံးပြုတာ က နှစ်(၂၀)နီးပါးတည်ဆောက်လာခဲ့တဲ့ သူ့ရဲ့ ဂုဏ်သိက္ခာ နဲ့ ရာစုနှစ် ကျော်ကြာတည်ရှိခဲ့တဲ့ စံချိန်တွေကို ရိုက်ချိုးခဲ့သူ တစ်ယောက် အတွက် အဆိုးရွားဆုံး သိက္ခာချခံရခြင်းလို့ ဆိုလို့ရပါတယ်။

တန်ဟဂ် အနေနဲ့ ရော်နယ်ဒို ကို ရာသီအစ ပွဲတွေမှာ အသုံးပြုခဲ့ပေမယ့် နှစ်ပွဲဆက်အရေးနိမ့်ခဲ့သလို ယူရိုပါလိဂ် အဖွင့်ပွဲလည်းအရေးနိမ့်ထားပါတယ်။ ရော်နယ်ဒို ကို အသုံးမပြုပဲ အရေးနိမ့်ခဲ့တဲ့ပွဲက မန်စီးတီး နဲ့ ပွဲသာ ရှိပြီး ကျန်ပွဲတွေမှာတော့ ပေါ်တူဂီသားကိုအရံအဖြစ်သာ အသုံးပြုကာ အသင်းရဲ့ ရလာဒ်နဲ့ခြေစွမ်း လည်းပိုပြီးကောင်းမွန်ခဲ့ပါတယ်။ရော်နယ်ဒိုက စိတ်ကျရောဂါခံစားနေရပြီး (၃၈)နှစ်ထဲဝင်ရောက်လာတဲ့နောက် ခြေစွမ်း နဲ့ ကစားအားလည်း ကျဆင်းနေတာကို သတိပြုမိတာကြောင့် တန်ဟဂ် က ထိန်းသိမ်းသုံးစွဲနေပေမယ့် ကမ္ဘာ့လားအမှီကြံခိုင်မှုကောင်းချင်တဲ့ ရော်နယ်ဒို က နွေရာသီလေ့ကျင့်ခန်းပျက်ကွပ်ပေမယ့် အသင်းကိုအသုံးချကာ ပွဲတိုင်းပါဝင်လိုနေတာ ဖြစ်ပြီး ရရှိသမျှ အခွင့်အရေးတွေဖြုန်းတီးနေတာကြောင့် တန်ဟဂ်က အရံခုံပေါ်ပြန်တင်ထားတာပဲ ဖြစ်ပါတယ်။ရော်နယ်ဒို ရဲ့ ခြေစွမ်းကို ခနဖယ်ထားရင်တောင် ကစားသမားတစ်ယောက် အနေနဲ့ နည်းပြရဲ့ဆုံးဖြတ်ချက်ကိုတသွေမတိမ်းလိုက်နာရန်လိုပြီး စောဒက တက်လိုရင်တောင် အဝတ်လဲခန်း၊လေ့ကျင့်ရေး၊နည်းပြရုံးခန်း အစရှိတဲ့နေရာတွေမှာ စိတ်တိုင်းကျ စောဒကတက်နိုင်ပေမယ့် မီဒီယာ၊ပရိတ်သတ်၊ပြိုင်ဘက် မျက်လုံးအစုံရှိနေတဲ့ ကွင်းတွင်းကနေ ပွဲမပြီးခင် နည်းပြကိုအကြောင်းမကြားပဲ ဝင်သွားတာက အတော်လေးဆိုးရွားတဲ့ အပြုမူဖြစ်ပြီး အသင်းသားတွေနဲ့နည်းပြကိုသာမက အသင်းနဲ့ပရိတ်သတ်ကိုစော်ကားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီစော်ကားမှုဟာ တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမကတော့တာကြောင့် တန်ဟဂ် ဖက်က ပြစ်ဒဏ်ခပ်ကြီးကြီးချခဲ့ရပြီး မချမှတ်ရင်လည်း ကျန်ကစားသမားတွေ ကို ထိန်းချုပ်ရာမှာပါ ပိုမိုခက်ခဲလာနိုင်ပါတယ်။ ဒီအတွက်လည်း တန်ဟဂ်က အသင်းလူစာရင်းကချန်လှပ်ကာ ဒဏ်ငွေ နဲ့ သီးသန့်လေ့ကျင့်ခန်းဆင်းစေရန် သာ ညွှန်ကြားခဲ့ပြီး ရော်နယ်ဒို ကလည်း လက်ခံခဲ့ပါတယ်။ အရှေ့မှာလည်း ပရိတ်သတ်ဖုန်းကို ပုပ်ချရင်းခွဲခဲ့မိတာကြောင့် လျော်ပေးခဲ့ရသလို ဓာတ်ပုံရိုက်ဖို့ကြိုးစားတဲ့ မိန်းကလေးပရိတ်သတ်တစ်ဦးကိုလည်း တွန်းဖယ်ခဲ့တာကြောင့် ပြသနာတက်ခဲ့ပါသေးတယ်။ ရော်နယ်ဒို က စိတ်ပိုင်းဆိုင်ရာ ပြသနာတွေရှိနေပြီး တလက်စထဲမှာပဲ ဒေါသမထိန်းသိမ်းနိုင်မှု နဲ့ အလွန်အကျွံစိတ်ဆိုးတဲ့ လူကြီးရောဂါမျိုးခံစားနေရဟန်တူပါတယ်။

ရော်နယ်ဒို ကို ချန်လှပ်ခဲ့တဲ့ တန်ဟဂ် မှာလည်း အကြောင်းပြချက်ခိုင်လုံသလို (၈၆)မိနစ်မှ လူစားလဲဝင်ခိုင်းလို့ ပေါက်ကွဲခဲ့တဲ့ ရော်နယ်ဒို ဟာလည်း သူ့ရဲ့ဂုဏ်သိက္ခာကို ကြည့်ရင်တော့ မမှားနေတာတော့သေချာပါတယ်။ အဝတ်လဲခန်းကို ထွက်သွားတာက အသင်းရဲ့ စည်းမျဉ်းကို ချိုးဖောက်မှုဖြစ်ပြီး ဒီအတွက်လည်း ထိုက်တန်တဲ့ အပြစ်ကို ကျေနပ်စွာပေးဆပ်ရပြီးပါပြီ။ သို့သော်လည်း အဆိုပါဖြစ်ရပ်ဟာ ရော်နယ်ဒို အတွက် ကစားသမားဘဝ အရိပ်မဲတစ်ခု ဖြစ်သွားသလို တန်ဟဂ် အတွက်လည်း အသင်းရှုံးနိမ့်တိုင်း ဝေဖန်ခံရမယ့် ခေါင်းစီးတစ်ခု ဖြစ်သွားမှာဖြစ်ပြီး လက်တလောမှာတော့ ဒီပြသနာကနေ မီဒီယာတွေပဲ အမြတ်ထွက်ကာ ငွေတွေသဲ့ယူသွားပြီဖြစ်ပါတယ်။