အပိုင်အခွင့်ရေးတွေ လွဲချော်ခဲ့ပေမယ့် ရော်နယ်ဒိုဘက်က ရပ်တည်သွားခဲ့တဲ့ ယူနိုက်တက်ဂန္တဝင်ကွင်းလယ်လူ

Posted on

မန်ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူ ပေါစခိုးလ်ကတော့ မနေ့ညက အပိုင်အခွင့်အရေးတွေလွဲချော်နေခဲ့တဲ့ တိုက်စစ်မှုး ရော်နယ်ဒို ဘက်က ရပ်တည်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆိုက်ပရက်စ်မြေမှာ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့အပိုင်အခွင့်အရေးတွေလွဲချော်မှုက လူပြောများစရာ ဖြစ်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးကြီးရော်နယ်ဒိုကတော့ အိုမိုနီးယားနဲ့ပွဲမှာ ၆ ကိုက်အကွာကနေ လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းယူရတဲ့ဂိုးကို တိုင်ထိအောင်သာ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဆိုက်ပရက်ကလပ်နဲ့ ပွဲမှာ သူ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ဂိုးရနိုင်တဲ့အကောင်းဆုံးအခွင့်အလမ်းတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားလက်စွမ်းပြခဲ့တာ၊ သူ့ရဲ့ ဂိုးကံခေတွေတာကြောင့် သွင်းဂိုးမရခဲ့ပါဘူး။

မိနစ် ၉၀ အပြည့်ကို ရော်နယ်ဒို ကစားခွင့်ရခဲ့ပေမယ့်လည်း သူ့ရဲ့ ကံတရားကတော့ တော်တော်လေးကို ဆိုးရွားနေပုံပါပဲ။ ၇၇ မိနစ်မှာ ဒါလော့ရဲ့ ဖန်တီးပေးမှုကနေ ဧရိယာထဲမှာ ရော်နယ်ဒိုက ဘောလုံးရခဲ့ပါတယ်။ ဂိုးသမားက ရှေ့ထိတက်ဖျက်နေလို့ ဂိုးပေါက်မှာ ဂိုးသမားမရှိတော့ဘဲ အိုမီနီးယားကစားသမားတဦးတည်းသာ ရှိနေတာပါ။

ရော်နယ်ဒိုက ဒါလော့ပေးပို့တာကို ရရှိချိန်မှာ ညာခြေနဲ့ပဲ ထောင့်ကျဉ်းဘက်ကို ပိတ်သွင်းယူခဲ့တာပါ။ ကံဆိုးစွာနဲ့ပဲ ဘောလုံးက တိုင်ထိထွက်ခဲ့ပြီး အခွင့်အရေးကောင်းတခုကို ဆုံးရှုံးခဲ့ရပါတယ်။ရော်နယ်ဒိုကိုယ်တိုင်လည်း သူ့ရဲ့လွဲချော်မှုအတွက် တော်တော်လေးဒေါသထွက်ခဲ့သလို ကိုယ့်ကိုကိုယ်လည်း အားမလိုအားမရဖြစ်ခဲ့ပြီး အော်ဟစ်နေခဲ့ပါတယ်။

ဒီရာသီမှာ ဂိုးပေါက်ကို ရော်နယ်ဒို ကန်သွင်းခွင့်ရတဲ့ အရေအတွက်ဟာ ၃၃ ကြိမ်ဖြစ်ပါတယ်။ ဒါပေမယ့် ရတဲ့ ဂိုးကတော့ တစ်ဂိုးသာ ဖြစ်ပြီး ပင်နယ်တီ နဲ့ပါ။ရော်နယ်ဒို လို finishing ကောင်းပါတယ်ဆိုတဲ့ တိုက်စစ်မှူးမျိုးဟာ အရွယ်ကြောင့် ဆိုပေမယ့် ဂိုးသင့်တဲ့ ကန်ချက် ၊ ဂိုးသင့်တဲ့ အခွင့်အရေး တွေလည်း ရှိခဲ့ပါလျက် ဂိုးမရ ဖြစ်နေပါတယ်။

အသင်းဖော်ဟောင်းဖြစ်သူ ရော်နယ်ဒိုအနေနဲ့ ယုံကြည်မှုတွေ ကျဆင်းနေပြီး အပိုင်အခွင့်အရေးတွေ လွဲချော်နေခဲ့ပေမယ့်လည်း ကွင်းလယ်ဂန္တဝင် ပေါစခိုလ်းကတော့ ရော်နယ်ဒို ဘက်က ရပ်တည်သွားခဲ့ပြီး လာမယ့်ပွဲစဉ်မှာ ဂိုး ရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ပေါစခိုးလ်က ” စီရော်နယ်ဒိုဟာ ဒီညမှာ အခွင့်အရေးတွေအများကြီးပဲ ရရှိခဲ့ပါတယ်။ ဒါက သူ့အတွက် အလုပ်မဖြစ်ခဲ့သလို သူ့ အတွက် ကောင်းမွန်တဲ့ညမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဒါမျိုး ဖြစ်ရပ်မျိုးက စီရော်နယ်ဒိုအတွက်ရေရှည်မကြုံတွေ့နိုင်ပါ ဘူး။ တနင်္ဂနွေနေ့ပွဲစဉ်မှာသာ သူပါဝင်ကစားခွင့်ရခဲ့ရင် သူဂိုးသွင်းပါလိမ့်မယ်။ “လို့ ဆိုခဲ့ပါတယ်။