တန်ဟဂ်လက်အောက်မှာ ခြေစွမ်းတိုးတက်လာခြင်းရဲ့ လျှိုဝှက်ချက်ကို ဖွင့်ဟလိုက်တဲ့ ဆန်ချို

Posted on

မန်ယူနိုက်တဒ်ရဲ့ မျှော်လင့်ချက်မြင့်မားစွာ ခေါ်ယူခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချို ကတော့ ပြီးခဲ့တဲ့ရာသီမှခြေစွမ်းအနည်းငယ် ကျဆင်းခဲ့သည့်တိုင် ယခုရာသီမှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိနေပြီပဲ ဖြစ်ပါတယ်။ လီဗာပူးလ်၊လက်စတာ နှစ်ပွဲမှာ သွင်းဂိုးတွေ ရယူပေးခဲ့သလို ဆန်ချို ဟာ အသင်းရဲ့ ကစားကွက်၊ဗျူဟာမြောက်အရွေ့တွေမှာလည်း အကောင်းဆုံးပါဝင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကနဲ့မတူညီတဲ့ လုပ်အားနှုန်း၊ကစားဟန် နဲ့ နည်းဗျူဟာပိုင်းရွေ့လျားမှုတွေ ပြုလုပ်လာနိုင်ပြီး ဂျေဒန် ကတော့ ယခုလို ကစားနိုင်တာက နည်းပြ အဲရခ်တန်ဟဂ် ရဲ့ တိကျရှင်းလင်းတဲ့ လမ်းညွှန်မှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ဆန်ချို က “အသင်းလိုက်ရော၊ကျွန်တော်ကိုယ်တိုင်ရော တိုးတက်လာတဲ့အဓိကအချက်က အသင်းသားတွေကြား အချက်လက်ဖလှယ်မှုတွေက ပိုပြီးကောင်းမွန်လာတာကြောင့်ပါ။အထူးသဖြင့် ကွင်းထဲမှာ ကျွန်တော်တို့ ဘယ်နေရာ ဘာလုပ်ရမယ်ဆိုတာနဲ့ပက်သက်ရင် တိကျရှင်းလင်းတဲ့ ညွှန်ကြားချက် နဲ့ တောင်းဆိုချက်တွေကို နည်းပြကပြုလုပ်ပေးတာဖြစ်လို့ ကျွန်တော်တို့အတွက်ပိုပြီးလွယ်ကူစေပါတယ်။ ”

” လေ့ကျင့်ရေးမှာလည်း အတူတကွ လုပ်ဆောင်ကြပြီး ပေါင်းစပ်လုပ်ကိုင်နိုင်စွမ်း မြင့်မားလာတာနဲ့အမျှ ကစားပုံလည်းကောင်းလာတာကို ရာသီကြိုမှာ တွေ့မြင်ခဲ့ပြီးပါပြီ။ဒါကြောင့်လည်း နည်းပြကလိုချင်တဲ့ပုံစံအတိုင်း ကျွန်တော်တို့ကတသွေမတိမ်း လိုက်ပါဆောင်ရွက်နေတာပါ”လို့ဆိုပါတယ်။

“လေ့ကျင့်ရေးမှာကျွန်တော်တို့နေ့စဉ်လေ့ကျင့်တာက အသင်းရဲ့ ပင်ကိုယ်ကစားဟန်အတွက် ပဲ လေ့ကျင့်နေတာပါ။တချို့သောကစားဟန်တွေကိုတော့ ပရိတ်သတ်တွေ မြင်တွေ့ခဲ့ပြီးဖြစ်မှာပါ၊ ကျွန်တော်တို့ကစားသမားတွေကြားမှာ နားလည်မှုမြင့်မားလာတာနဲ့အမျှ ပိုကောင်းတဲ့ ကစားဟန် နဲ့ အရွေ့တွေကို ဖန်တီးနိုင်စွမ်းရှိလာပါလိမ့်မယ်။”

” ကျွန်တော်တို့ ဘရန်းဖိုဒ့် ကို အရေးနိမ့်ပြီးနောက် ဒီအရာတွေထဲကခပ်မြန်မြန်နိုးထဖို့ လိုပြီဆိုတာ ကျွန်တော် သတိပြုမိပါတယ်။အခု ကျွန်တော်တို့သုံးပွဲဆက်အနိုင်ရထားပြီး ဒီအနိုင်ရမှုကိုဆက်ပြီးထိန်းသိမ်းနိုင်ဖို့လိုပါတယ်၊အရှေ့မှာ ပွဲကြပ်ကာလရှိနေသေးလို့ လက်ရှိရထားတဲ့ ပုံစံကောင်းကိုဆက်ထိန်းပြီး ဆက်တိုက်အနိုင်ယူဖို့မျှော်လင့်ထားပါတယ်”လို့ဆိုပါတယ်။