ပွဲထွက်ခွင့်နေရာတစ်ခုအတွက် စိုးရိမ်စရာကောင်းလာတဲ့ ဂျေဒန်ဆန်ချို

Posted on

မန်ယူနိုက်တဒ် ရဲ့ တိုက်စစ်ဟာ လိုအပ်ချက်တချို့ ရှိနေသည့်တိုင် တောင်ပံတိုက်စစ်နေရာတွေမှာတော့ အကြီးမားဆုံးအင်အားတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ ယူနိုက်တဒ် ရဲ့ တောင်ပံ နှစ်ဖက်မှာ အန်တိုနီ၊ဆန်ချို နဲ့ မားကပ်စ်ရရှ်ဖိုဒ့်၊အီလန်ဂါ/ဂါနာချို တို့ရှိနေပြီး မာစီရယ် က အထောင်တိုက်စစ်နေရာမှာ ကစားနေတာ ဖြစ်လို့ တောင်ပံလူစာရင်းကနေ ဖယ်ထုတ်ထားလို့ ရနိုင်ပါတယ်။သို့သော်လည်း လက်ရှိတောင်ပံလူစာရင်းမှာပဲ လူအင်အားတောင့်တင်းနေပြီး ကစားသမားတိုင်းက ပွဲထွက်ခွင့်တစ်နေရာစာအတွက် ရုန်းကန်နေကြတာဖြစ်လို့ ခြေစွမ်း နဲ့ ပုံစံကောင်း ကျ သွားတဲ့ ကစားသမား ဟာ သေချာပေါက် အရံခုံမှာ နားခိုရမှာဖြစ်ပါတယ်။လက်တလောမှာတော့ မာစီရယ် ပြန်လာခြင်းနဲ့အတူ အန်တိုနီ ရဲ့ ဖယ်ထုတ်ထားလို့မရတဲ့ ခြေစွမ်းတွေရဲ့နောက် ပွဲထွက်ခွင့်အတွက် အန္တာရယ်အရှိဆုံး ကစားသမား ဟာ ဂျေဒန်ဆန်ချို သာ ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

ဂျေဒန်ဆန်ချို အနေနဲ့ လက်တလောမှာ အသင်းရဲ့လိုအပ်ချက် နဲ့ တန်ဟဂ် ရဲ့ နည်းစနစ်ပိုင်းတောင်းဆိုမှုကြောင့် ပွဲထွက်ခွင့်ရရှိထားသလို ဘယ်ခြမ်းတိုက်စစ်ကို နေရာအပိုင်စား ရရှိထားသူ ဖြစ်ပါတယ်။ ရှေ့ပွဲတွေမှာသွင်းဂိုး တွေလည်း ရရှိထားတာကြောင့် အတော်လေး ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မန်ချက်စတာဒါဘီမှာတော့ သူ့ရဲ့ပွဲရှိန်နေတဲ့ ပုံစံကြောင့် ပရိတ်သတ်တွေကြား အတော်လေး မေးခွန်းထုတ်မှုတွေ ကြီးထွားလာပါတယ်။ဆန်ချို ဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ပွဲကြီးတချို့မှာ ဖိအားအောက်ရောက်ရှိသွားတိုင်း ဒုက္ခရောက်လေ့ရှိပြီး ခြေစွမ်းပျောက်သွားတတ်တာမျိူး ယခုတစ်ပတ်မှာလည်း မြင်တွေ့ခဲ့ရပြန်ပါတယ်။တန်ဟဂ် ကတော့ ယုံကြည်မှုပျောက်ဆုံးသွားတဲ့ ကစားသမားတိုင်း အတွက် အသင်းမှာနေရာမရှိဘူးလို့ ဝေဖန်ခဲ့ပြီး မီဒီယာတွေကတော့ ဒါဟာ ဆန်ချိုကို ရည်ညွှန်းတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ယူနိုက်တဒ် အနေနဲ့ ပေါင်(၇၃)သန်းအကုန်ကျ ဝယ်ယူခဲ့တဲ့ ဆန်ချို ကို အလွယ်တကူ အဆုံးရှုံးခံမှာမဟုတ်သလို တန်ဟဂ် အနေနဲ့လည်း ဖြစ်နိုင်ချေများစွာရှိတဲ့ အင်္ဂလန်သား အတွက် လက်လွှတ်စပါယ်ဆုံးဖြတ်ချက်မျိုးတော့ ပြုလုပ်မှာမဟုတ်ပါဘူး။သို့သော်လည်း ကစားသမား နဲ့ နည်းပြကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့လိုအပ်ပြီး ဆန်ချိုအနေနဲ့လည်း နည်းပြရဲ့ညွန်ကြားချက်ကို တသွေမတိမ်းလိုက်ပါဆောင်ရွက်ရန်လိုသလို တဖက်မှာလည်း သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုအမြင့်ဆုံးထိတောင်းဆိုထားဖို့ လိုပါတယ်။

လက်ရှိမှာ ညာခြမ်းဟာ အန်တိုနီ အပိုင်စားရသွားပြီဖြစ်သလို မာစီရယ် ပြန်ပါလာလို့ ရရှ်ဖိုဒ့် က ဘယ်ခြမ်းထွက်လာချိန် ဆန်ချို နဲ့ အဓိကအားပြိုင်ရဖွယ်ရှိပြီး အင်္ဂလန်သားတွေအတွက်တော့ အချင်းချင်းအားပြိုင်ရမှာ ဖြစ်လို့ ဘယ်သူက ဘယ်ခြမ်းတိုက်စစ်ရဲ့ နံပတ်(၁) ဖြစ်လာမလည်းဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။