ရော်နယ်ဒို ရဲ့ သွင်းဂိုးတွေကို ဆက်လက်မြင်တွေ့ရဦးမယ့် ယူရိုပါလိဂ် ညခြမ်း

Posted on

မန်ယူနိုက်တဒ်ရဲ့ယနေ့ညကစားမယ့် Omonia အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်ဟာ ရော်နယ်ဒို ရဲ့ ယုံကြည်မှုတွေ ပိုမိုခိုင်မာလာစေဖို့ အကောင်းဆုံး သွင်းဂိုးတွေဆက်တိုက်ရရှိရန် အခွင့်အရေးအကောင်းဆုံးပွဲလို့ ဆိုနိုင်ပါတယ်။ပထမအကျော့ ဆိုက်ပရက်စ်မြေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်က ရော်နယ်ဒို အတွက် တစ်သင်းလုံးနီးပါးက ဖန်တီးပေးပို့ခဲ့သည့်တိုင် ပေါ်တူဂီသားရဲ့ ယုံကြည်မှုကျဆင်းနေခြင်းက သွင်းဂိုးတွေ ဖြစ်မလာခဲ့တဲ့အတွက် စိတ်ပျက်မှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။

သို့သော်လည်း ဒီတစ်ကြိမ်တော့ ကြားရက်မှာ အဲဗာတန် ကို အနိုင်ဂိုးသွင်းယူပြီး ကလပ်အသင်းသွင်းဂိုး(၇၀၀)ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ နောက် သူ့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ကမ္ဘာပေါ်မှာအထင်ကရအဖြစ်ဆုံးသော အောင်ပွဲခံဟန် ကို ယနေ့ည မြင်တွေ့ရပါလိမ့်မယ်။

တန်ဟဂ် အနေနဲ့ Omonia အသင်းဖြစ်လင့်ကစား ဆိုစီဒက် ကို ရှုံးနိမ့်ထားတာကြောင့် အဆင့် (၂)ရောက်နေမှုကို ရှောင်လွှဲဖို့ဆိုရင် ယနေ့ညမှာ တောင့်တင်းတဲ့ အခင်းအကျင်းနဲ့အတူ နိုင်ပွဲရအောင်ပုံဖော်နိုင်ဖို့လိုပါတယ်။သို့သော်လည်း ကစားသမားတချို့က ပွဲဆက်များနေသလို ပရီးမီးယားလိဂ် လည်း ဆက်ကန်ရမှာဖြစ်လို့ လူလဲကစားတာတွေ မြင်တွေ့ရနိုင်ပြီး ဒါးလော့၊လင်ဒီလောဖ့်၊ရှော၊ကတ်စမဲရိုး တို့နေရာမှာ ဘစ်ဆာကာ၊မလာစီယာ နဲ့တော်မနေး ပါဝင်လာဖွယ်ရှိပါတယ်။အဲရခ်ဆင် နဲ့ ဘရူနို က သေချာပေါက် ပါဝင်လာမှာဖြစ်ပြီး တိုက်စစ်မှာတော့ အန်တိုနီ၊ရရှ်ဖိုဒ့်၊ဆန်ချို တို့ထဲက နှစ်ဦး နဲ့ ရော်နယ်ဒို ကို ပူးတွဲတွေ့မြင်ရဖွယ်ရှိပါတယ်။

Omonia အသင်းဟာ ပထမအကျော့မှာ ယူနိုက်တဒ် ကို အနည်းငယ်အခက်တွေ့အောင် ကစားနိုင်ခဲ့ပေမယ့် အိုးထရဒ့်ဖိုဒ့်မှာတော့ အသာစီးယူကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာသာ ရှိပါလိမ့်မယ်။အထူးသဖြင့် နောက်တစ်ဆင့်မှာ အသင်းကြီးတွေနဲ့ချန်ပီယံလိဂ် ကဆင်းလာမယ့် အသင်းတွေကို ကြိုတင်ရှောင်ဖို့ဆိုရင် ယူနိုက်တဒ် အတွက် သုံးမှတ် သာမက သွင်းဂိုးအရေအတွက်ကလည်း အရေးကြီးတဲ့နေရာမှာ ရှိနေတာကြောင့် ယနေ့ညမှာ ဂိုးပြတ်နိုင်ပွဲတစ်ခုကို မဖြစ်မနေပုံဖော်နိုင်ဖို့ လိုအပ်ပါတယ်။တဖက်မှာလည်း ရော်နယ်ဒို က ဂိုးအနံ့ရသွားပြီဖြစ်လို့ သွင်းဂိုးဆာလောင်နေချိန် ယူနိုက်တဒ် ကလည်း ဂိုးတွေလိုနေချိန်ဖြစ်လို့ ရုပ်ပျက်ဆင်းပျက် ဂိုးပေါ်သွားရင်လည်း ဒါဟာ အံအားသင့်စရာအခြေအနေမဟုတ်တာတော့ သေချာပါတယ်။