ဗန်ပါစီပြောပြတဲ့ ဖာဂူဆန် ထိန်းလို့မနိုင်ခဲ့တဲ့ ဝိန်းရွန်းနီ အကြောင်း

Posted on

ယူနိုက်တဒ်ရဲ့ရွှေရောင်လွှမ်းသောအတိတ်ညများကို ပြန်လည်တမ်းတကြည့်ရင် ဗန်ပါစီ ဟာ တထောင့်တနေရာကနေ ပါဝင်နေတာတော့အသေချာပါပဲ။ သူဟာ ဆာအဲလက်စ်ကြောင့် အသင်းကိုရောက်ရှိလာသူဖြစ်ပေမယ့် အချိန်တို အတွင်းမှာပဲ ပရိတ်သတ်တွေရဲ့အချစ်ကို ရရှိခဲ့သူဖြစ်သလို တပြိုင်နက်ထဲမှာလည်း ဂန္နဝင်တွေနဲ့တန်းတူ ဆက်ဆံခံရသူလည်းဖြစ်ပါတယ်။ အထူးသဖြင့် ယူနိုက်တဒ် ရဲ့ တိုက်စစ်မှုးတိုင်း အတွက် တွဲဘက်ကောင်းဖြစ်တဲ့ ဝိန်းရွန်းနီ နဲ့ လည်း အကောင်းဆုံးအဖော်မွန်တွေဖြစ်ခဲ့ပြန်ပါတယ်။ ဝိန်းရွန်းနီဟာ အသင်းမှာ ပြန်မပြောနားမထောင်ဆုံး ကစားသမားဖြစ်ပြီး ဖာဂီတောင် ထိန်းမနိုင်ခဲ့တဲ့အကြောင်းကို RvP က ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။

ဗန်ပါစီက “ကျနော် မြင်ဖူးသမျှထဲ ကြောက်စရာအကောင်းဆုံးကောင်ကတော့ ဝိန်းရွန်နီပဲ။FA ဖလားပွဲတစ်ခုမှာပေါ့..ဆာအဲလက်စ်က သူ့ကို အနားပေးချင်တယ်..ဒါမဲ့ အဲ့ဒါကိုသူ့ကို ပြောဖို့ကျ နည်းနည်းဂျွတ်ပုံရတယ်..အဲ့တော့ကျနော့် ဆီရောက်လာပြီး ငါမင်းကို ခေါ်သွားမယ်။ဝိန်းကိုထားခဲ့လိုက်မယ်..ဒါပေမဲ့ အဲ့ဒါကို ဘယ်လိုပြောရမလဲမသိဘူးလို့ ပြောတယ်။ကျနော်လည်း ဘော့စ်ကို ဒဲ့ပဲ ပြောလိုက်ပါ.. သူနားလည်မှာပါဆိုပြီး ပြန်ပြောလိုက်တယ်။”

” ဒါပေမဲ့ ဘော့စ်က စီမံရေးရာဌာနက ကောင်လေးတွေကိုပဲ FA Cup အတွက် ခရီးသွားမယ့်စာရင်းထဲဝိန်းကိုမထည့်နဲ့ဆိုပြီး ပြောလိုက်တယ်..လေ့ကျင့်ရေးကွင်းမှာ ခရီးသွားရမယ့် လူစာရင်းခေါ်တော့ဝိန်းလည်းရှိနေတယ်..သူ့နာမည်က ပါမလာဘူး..သူ လေ့ကျင့်ကွင်းကနေ ပြေးထွက်သွားကောဗျာ….ဘော့စ်က လိုက်ခေါ်လည်း လှည့်မကြည့်တော့ဘူး”လေဆိုပါတယ်။

ဆက်လက်ပြီး “ကျနော်တို့လည်း သူ့ကို ထားခဲ့ပြီးခရီးထွက်ခဲ့ကြတာပေါ့..ပွဲနေ့ လူစာရင်း ကြေညာတော့ အဲ့ကောင် ဝိန်းလေ..သူ့ကားနဲ့လိုက်လာတာဗျာ..အဝတ်လဲခန်းထဲ ရောက်လာတယ်..လက်ထဲမှာလည်း ပြီးခဲ့တဲ့ FA cup အဝေးကွင်းပွဲတုန်းက ဝတ်စုံကြီးနဲ့..ဘော့စ် ဆွံ့အသွားတယ်..ပြီးတော့ ပွဲထွက်လူစာရင်းကို(၁၂)ယောက်လုပ်လိုက်တယ်..ကစားတော့ ဘယ်နောက်ခံလူကိုထုတ်ပြီး ရွန်နီကို ပွဲထွက်စာရင်းထဲထည့်လိုက်တယ်..အဲ့ညက ဝိန်း ဂိုးသွင်းတယ်..နိုင်ပွဲကြောင့် အားလုံး ပျော်ကြတာပေါ့ ”လို့ဖောက်သည်ချခဲ့ပါတယ်။