ရွိုင်ကိန်းရဲ့နေရာကို ဆယ်စုနှစ်(၂)ခုနီးပါးအကြာမှာ ဖြည့်တင်းနိုင်ခဲ့တဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ် အသင်းဟာ ရီးရဲလ်ရဲ့ ဂန္နဝင်ကွင်းလယ်အတွဲထဲက ခံစစ်ပိုင်းကို အဓိကတာဝန်ယူထားရတဲ့ ကတ်စမဲရိုး လို လက်ရှိ ကမ္ဘာ့အကောင်းဆုံးတန်းဝင် DM တစ်ယောက်ကို ခေါ်ယူလိုက်နိုင်တာကြောင့် လက်ကျန် ရာသီဟာ ရင်ခုန်စရာတွေ ပြန်လည်ပြည့်နှက်လာပြီပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ် ရဲ့ ကွင်းလယ်မှာ ခံစစ်ကို ဦးဆောင်နိုင်ပြီး ပြိုင်ဘက်ကိုဟန့်တား နိုင်တဲ့ ကစားသမားမျိုး မရှိခဲ့တာ ကြာမြင့်နေပြီဖြစ်သလို မာတချ် ကိုယ်တိုင်ကအရွယ်လွန်နေခဲ့တာကြောင့်ထင်သလောက် မဖြစ်ထွန်းခဲ့တဲ့ အခြေအနေမှာ မက်-ဖရဒ် ကိုသာ အားထားနေရလို့ ဂိုးပြတ်ရှုံးပွဲတွေက အပိုဆုအဖြစ် လိုက်ပါလာပါတယ်။ အထူးသဖြင့် တန်ဟဂ် ရဲ့ ပြိုင်ဘက်အပေါ်အသာစီးယူကစားတဲ့ နည်းဗျူဟာ မှာ နည်းစနစ်ပိုင်းမကျေနပ်ပဲ အရည်ချင်းနိမ့်ပါးတဲ့ မက်-ဖရဒ် ကြောင့် မဟာတံတိုင်းနဲ့ကာထားရင်တောင် ဂိုးပေးရဦးမယ့် ခံစစ် ဖြစ်လာချိန် DM တစ်ယောက် မဖြစ်မနေလိုအပ်တာကို သဘောပေါက်ခဲ့တဲ့ တန်ဟဂ် ကို ဒီနေရာမှာ ချီးကျူးရပါလိမ့်မယ်။

ကတ်စမဲရိုး က ရီးရဲလ် ရဲ့ သုံးယောက်တွဲဖြစ်တဲ့ မိုဒရစ် နဲ့ ကရူးစ် အနောက်ကနေ အဖျတ်တာဝန်အားလုံးကို ရယူပေးထားသူဖြစ်ပြီး သူ့အရှေ့က ကွင်းလယ်အတွဲကို စိတ်ကြိုက်တိုက်စစ်ဆင်နိုင်ဖို့ ထောက်ပံ့ပေးထားသူဖြစ်ပါတယ်။ လူကောင်အနည်းငယ်သေးပြီး ပုတယ်ထင်ရပေမယ့် လေပေါ်ဘောလုံးရှင်းထုတ်မှု (၉၄%)အထိ အောင်မြင်ထားသလို ကြမ်းတမ်းပြီး ကြံခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်လို့ မက်ခီလီလီ၊ကန်တေ တို့နဲ့ ဆင်တူသူလည်းဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး DM တွေကို စီလိုက်ရင် အသက်အရွယ်ကြောင့် နန်းကျသွားတဲ့ ဘာစီလိုနာရဲ့ ဘက်စကွက် ကိုဖယ်ထုတ်လိုက်ရင် မန်စီးတီး ရဲ့ ရိုဒရီ နဲ့ ရီးရဲလ် ရဲ့ ကတ်စမဲရိုး သာ ကျန်ရှိပြီး ယူနိုက်တဒ် ဟာ ကွင်းလယ်ခံစစ်မှာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမား ကို ရရှိခဲ့တာလို့ဆိုနိုင်ပါတယ်။

ကတ်စမဲရိုး ရဲ့အားနည်းချက်က ဘောလုံးနဲ့အတူ ရှေ့ကို လိုက်ပါကစားတာဖြစ်ပြီး တန်ဟဂ် က သူ့အသင်းရဲ့ ကွင်းလယ်ကို ပြိုင်ဘက်စည်းတဝက်ကျော် တက်ထောက်ကာ ကစားစေသူ ဖြစ်လို့ အခက်ကြုံရမလားဆိုတာမျိုး မေးခွန်းထုတ်ကြပါတယ်။ယူနိုက်တဒ် အနေနဲ့ ကတ်စမဲရိုး ကို ဒီဂျောင်ျနရာအတွက် အစားထိုးခေါ်ယူတာ မဟုတ်ကြောင်းရှင်းလင်းခဲ့တဲ့ အချက်က တန်ဟဂ် က ဘရာဇီးလ်သားကို DM စစ်စစ် အဖြစ်အသုံးချလိုဟန်တူပြီး Single Pivot မှာ တစ်ဦးတည်းအသုံးပြုဖွယ်ရှိပါတယ်။

ကတ်စမဲရိုး လို စိတ်ချရတဲ့ ကွင်းလယ်ခံစစ်ကစားသမား ရှိလာတာကြောင့် ဗာရန်း၊မာတီနက်ဇ် တို့လို ကစားသမားတွေရဲ့ ခံစစ်စွမ်းဆောင်ရည်က တိုးတက်လာမှာဖြစ်သလို ဘရူနို အနေနဲ့လည်း တိုက်စစ်ကိုပိုမိုလိုက်ပါနိုင်ပြီး သူအားသန်တဲ့ နံပတ်(၁၀)နေရာကို ပိုမိုဝင်ဆော့နိုင်မှာလည်းဖြစ်ပါတယ်။