လီဗာပူးလ်နဲ့ပွဲမှာ မန်ယူလူစာရင်းကနေ ချန်လှပ်သင့်တဲ့ ထိပ်တန်းတိုက်စစ်မှုး (၂)ဦးကို ဒဲ့ပြောလိုက်တဲ့ ဝိန်းရွန်နီ

Posted on

လီဗာပူးလ်နဲ့ပွဲမှာ မန်ယူလူစာရင်းကနေ ချန်လှပ်သင့်တဲ့ ထိပ်တန်းတိုက်စစ်မှုး (၂)ဦးကို ဒဲ့ပြောလိုက်တဲ့ ဝိန်းရွန်နီ

သြဂုတ်လ ၂၂ ရက်နေ့ညမှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အင်္ဂလန်ဒါဘီပွဲစဉ်ကို အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ထိပ်သီးအသင်းကြီး ၂ သင်းစလုံးဟာ ၂၀၂၂-၂၀၂၃ ရာသီကို ပြီးပြည်စုံတဲ့စတင်မှုမျိုး မပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပြီး လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ရာသီအစ ၂ ပွဲစလုံးကို သရေကျခဲ့တာကြောင့် ရမှတ် ၂ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်သလို မန်ချက်စတာယူနိုက်တက်ကလည်း ၂ ပွဲကစားရာမှာ တစ်မှတ်မှ မရရှိခဲ့ဘဲ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ် ၂ ပွဲကို အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ဟာ တော်တော်လေး သာလွန်ပြီး ပြိုင်ဘက်အသင်းကို လွှမ်းမိုးနိုင်စွမ်း ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းအတွင်းမှာ အချိတ်အဆက်မမိဘဲ ကန်ချင်သလို ကန်နေတဲ့ပုံစံ ပေါ်နေခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကိုတောင် ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယုံကြည်မှုကလည်း တော်တော်လေး လျော့ပါးနေမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်ဂန္တဝင်တိုက်စစ်မှုးဟောင်း ဝိန်းရွန်နီကတော့ လီဗာပူူးလ်ကို ရင်ဆိုင်မယ့် လူစာရင်းထဲမှာ ထည့်သွင်း အသုံးမပြုသင့်တဲ့ ထိပ်တန်း တိုက်စစ်မှုး နှစ်ဦးရှိနေတယ်လို့ ဆိုပါတယ်။ ရွန်နီက လီဗာပူးလ်နဲ့ပွဲမှာ တိုက်စစ်မှုး ရော်နယ်ဒိုနဲ့ မားကပ်စ်ရပ်ဖို့ဒ်တို့ကို ပွဲထွက်လူစာရင်းမှာ ထည့်မသုံးဖို့ တန်ဟတ်ကို အကြံပြုသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရာသီကြို လေ့ကျင့်ရေးနဲ့  ခြေစမ်းပွဲတွေမှာလည်း အသင်းနဲ့ ပူးပေါင်းခဲ့ ခြင်းမရှိတာကြောင့် ကြံ့ခိုင်မှုအရရော နည်းပြသစ် တန်ဟတ်ရဲ့နည်းစနစ်မှာလည်း အသားမကျသေးဘူး လို့ ဝိန်းရွန်နီက ယုံကြည်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့ဒ်ကို ၄ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ဦးစားပေး ပွဲထွက်လူစာရင်းမှာ ရော်နယ်ဒိုရော ရပ်ဖို့ဒ်ပါ ပါဝင်နေခဲ့တာပါ။

ဒါကြောင့် ရွန်နီက ရော်နယ်ဒိုနဲ့ ရပ်ဖို့ဒ်နှစ်ဦးစလုံးကို လီဗာပူးလ်နဲ့ပွဲစဉ်မှာ ချန်လှပ်သင့်ကြောင်း အခုလိုပြောဆိုခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ရော်နယ်ဒိုနဲ့ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းအသုံးပြုမှာ မဟုတ်ပါဘူး၊အကယ်၍ တန်ဟက်ဂ်နေရာမှာ ကျွန်တော်သာဆိုရင် ကွင်းထဲမှာ စွမ်းအင်အပြည့်နဲ့ကစားနိုင်ဖို့ကိုပဲ ဦးစားပေးသွားမှာပါ။ ”

” ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ရှုံးနိမ့်ခဲ့ရတာက ရော်နယ်ဒိုအပေါ်မှာ အရမ်းမှီခိုခဲ့တာကြောင့် ဆိုရင်လဲမမှားပါဘူး၊ရော်နယ်ဒိုက အသင်းနဲ့အတူ လေ့ကျင့်ရေးအများကြီးမဆင်းထားပါဘူး၊သူ့အနေနဲ့ အသင်းနဲ့ပြန်လည်အံဝင်ကျဖို့အတွက် အချိန်တစ်ခုတော့ လိုအပ်ပါလိမ့်မယ်” လို့ ဆိုသွားခဲ့ပါတယ်။