အခြေအနေတခုကြောင့် အသင်းမပြောင်းပဲ ယူနိုက်တက်မှာပဲ ဆက်နေရဖွယ်ရှိတဲ့ ရော်နယ်ဒို

Posted on

၂၀၂၂-၂၃ ရာသီဟာ ရော်နယ်ဒိုအတွက် ကျိန်စာသင့်ရာသီတစ်ခုလို့ ဆိုရပါမယ်။ ရင်သွေးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးသွားတယ်။ ပေါ်တူဂီမီဒီယာတွေနဲ့ ပရိသတ်များရဲ့ဝေဖန်မှုကို အကြီးအကျယ်ခံခဲ့ရတယ်။တန်ဟတ်ရဲ့လက်အောက်မှာ ယူရိုပါလိဂ်ပွဲစဉ်တွေလောက်ပဲ ကစားခွင့်ရနေတဲ့ဘလွန်းဒီအော (၅)လုံးပိုင်ရှင်ဟာ ဦးဆောင်ခွင့်အပိုင်းမှာလည်း ချောင်ထိုးခြင်းခံနေရပါတယ်။

ဒါကိုကြည့်လိုက်ရင် တန်ဟတ်ရဲ့အနာဂတ်အစီအစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရှိမနေတော့ဘူးဆိုတာ ကွက်ကွက်ကွင်းကွင်းသိမြင်နိုင်ပါတယ်။ မနှစ်က ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၄)ဂိုးသွင်းယူပေးခဲ့တဲ့ ကစားသမားအတွက် စိတ်ပျက်စရာအခြေအနေပါပဲ။

ဒီအခြေအနေတွေနဲ့ အသက်အရွယ်အပိုင်းအခြားက နေဝင်ချိန်ကို ရောက်နေပြီဖြစ်တာကြောင့်လည်း ရော်နယ်ဒို ခြေကျပြီး ဂိုးပေါက်ပျောက်နေတာ အဆန်းတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ညက ယူရိုပါလိဂ်ပွဲစဉ်မှာလည်း အပိုင်းအခွင့်အရေးတွေအပါဝင် ဂိုးသွင်းခွင့်တွေ အတော်များများ ရရှိခဲ့ပေမယ့် ပေါ်တူဂီဂိုးသွင်းဘုရင်ဟာ ဂိုးသွင်းနိုင်ခြင်းမရှိပဲ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ မန်ယူနိုက်တက်မှာ စိတ်ပျက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ရော်နယ်ဒိုတယောက် အိုးထရက်ဖို့ဒ်မှာ ဆက်နေရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါပြီ။

ဇန်နဝါရီ transfer window ဖွင့်လှစ်တဲ့အခါ ရော်နယ်ဒိုအတွက် ဆီလျော်တဲ့ကမ်းလှမ်းမှုရှိလာခဲ့ရင် အသင်းပြောင်းခွင့်ပေးသွားမှာဖြစ်ကြောင်း တန်ဟတ်ကလမ်းဖွင့်ပေးထားပါတယ်။ ရော်နယ်ဒိုအနေနဲ့ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့အခြေချဖို့ အခွင့်အရေးတစ်ခုပါပဲ။

သို့သော်လည်း  ဝါရင့်တိုက်စစ်မှုး ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာပဲ စာချုပ်သက်တမ်းဆုံးတဲ့အထိ ဆက်နေရဖွယ် ရှိနေပါတယ်။ရော်နယ်ဒိုဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းပြောင်းချင်ကြောင်း ဖွင့်ဟထားသူဖြစ်ပြီး မန်ယူနိုက်တက်အသင်းဖော်များကလည်း ၎င်းကို လာမည့်ဆောင်းရာသီဈေးကွက်တွင် သေချာပေါက် အသင်းပြောင်းလိမ့်မည်ဟု ယုံကြည်နေကြပါတယ်။

သို့သော်လည်း ESPN ရဲ့ အဆိုအရ ရော်နယ်ဒိုကို လိုချင်သည့် အသင်းကြီးမရှိတာကြောင့် ရော်နယ်ဒိုအနေနှင့် စာချုပ်ကုန်ဆုံးချိန်အထိ မန်ယူနိုက်တက်တွင်သာ ဆက်ကစားပေးရဖွယ်ရှိနေကြောင်း သိရပါတယ်။ပြီးခဲ့တဲ့ နွေရာသီအချိန်တုန်းးကလည်း ရော်နယ်ဒိုကို ချဲလ်ဆီး၊အေတီကိုနှင့် နာပိုလီအသင်းတို့က စိတ်ဝင်စားမှုများ ရှိခဲ့သော်လည်း အမှန်တကယ်ကမ်းလှမ်းလာမှုများ မရှိခဲ့ပါဘူး။

နောက်ဆက်တွဲသတင်းများအရ ရော်နယ်ဒိုဟာ အသင်းမှာ အခုလို ရုန်းကန်သည့်အခြေအနေများနှင့်အများအပြားကြုံတွေ့နေရသော်လည်း နည်းပြ Erik Tan Hag နှင့် ကစားသမားများအကြား မည်သည့်ပြသာနာမျိုးမှဖန်တီးထားခြင်းမျိုးမရှိကြောင်းသိရပြီး ကစားသမားဘက်ကလည်း ပွဲထွက်ခွင့်မရသည့်တိုင် နည်းပြအပေါ်ပြစ်တင်ပြောဆိုခြင်းအလျဉ်းမရှိဘဲ အသင်း၏လေ့ကျင်ရေးများတွင်အကောင်းဆုံးပူပေါင်းပါဝင်လုပ်ဆောင်နေကြောင်းသိရပါတယ်။