အရှက်ရဖွယ်ရှုံးပွဲအပြီးမှာ ပရိသတ်တွေနဲ့နည်းပြအပေါ် မလေးစားတဲ့ အပြုအမူမျိုး ပြုလုပ်ခဲ့တဲ့ ရော်နယ်ဒို

Posted on

အရှက်ရဖွယ်ရှုံးပွဲအပြီးမှာ ပရိသတ်တွေနဲ့နည်းပြအပေါ် မလေးစားတဲ့ အပြုအမူမျိုး ပြုလုပ်ခဲ့တဲ့ ရော်နယ်ဒို

မန်ယူနိုက်တက်တိုက်စစ်မှုး စီရော်နယ်ဒိုဟာ ဘရန်ဖိုဒ့်ကို အရှက်တကွဲ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပရိသတ်တွေကို နှုတ်ဆက်ဖို့ ပြောခဲ့တဲ့ လက်ထောက်နည်းပြ မက္ကလာရင် အပြန်အလှန်စကားတွေပြောခဲ့ပြီး သူ့ရဲ့တောင်းဆိုမှုကို ငြင်းပယ်သွားခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘရန်ဖိုဒ့်အသင်းကို ပထမပိုင်းမှာ ပေးခဲ့ရတဲ့ဂိုးတွေကြောင့် ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ ဒီရှုံးပွဲကြောင့်လည်း ယူနိုက်တက်ဟာ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၂၀ နေရာကို ရောက်ခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ယူနိုက်တက်ကစားသမား အများအပြားဟာ သူတို့ရဲ့စွမ်းဆောင်ရည်အတွက် တောင်းပန်မှုတွေ ပြုလုပ်ဖို့ အသင်းပရိသတ်တွေရှိတဲ့ နေရာကို သွားရောက်ခဲ့တာပါ။

ဒါပေမယ့် ရော်နယ်ဒိုကတော့ အသင်းရှုံးပွဲကြောင့် အလွန်စိတ်ပျက်နေပြီး ဘယ်သူနဲ့မှ ဘာမှမပြောဘဲ ထွက်ခွာဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဥမင်ထဲမသွားခင် မက္ကလာရင်နဲ့ စကားပြောနေခဲ့တာပါ။

အဲ့ဒီနောက် နည်းပြတန်ဟတ်ကိုလည်း လက်ဆွဲနှုတ်ဆက်ခြင်းမရှိပဲ ထွက်သွားခဲ့တာကို ရုပ်သံမှတ်တမ်းမှာ တွေ့မြင်ခဲ့ရပါတယ်။ရော်နယ်ဒိုဟာ နွေရာသီစကတည်းက အသင်းကနေ ဒုတိယအကြိမ်မြောက်ထွက်ခွာဖို့ ကြိုးစား‌နေတာပါ။

ချန်ပီယံလိဂ်မဝင်မှု၊ အသင်းအောင်မြင်မှုမရနိုင်တဲ့ အကြောင်းရင်းကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်နေတာလို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ဒါပေမယ့် ဥရောပထိပ်သီးအသင်းတွေက ရော်နယ်ဒိုကို ခေါ်ယူလိုခြင်းမရှိတာဖြစ်ပါတယ်။