Getty Images

သူမအို​သေး​ကြောင်း လေ့ကျင့်ရေးမှာ အသင်းဖော်တွေကို အနိုင်ယူပြီး သက်​သေပြခဲ့တဲ့ ရော်နယ်လ်ဒို

Posted on

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးက အပြေးပြိုင်ပွဲမှာ အသင်းဖော်တွေကို အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

Getty Images

ပေါ်တူဂီကြယ်ပွင့်ဟာ သြဂုတ်လ ၁၃ ရက်နေ့ ဘရန့်တ်ဖို့ဒ်နဲ့ ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေဟန် ရှိ​နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက တွစ်တာမှာ မျှဝေခဲ့တဲ့ ဓာတ်ပုံထဲမှာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အပြေးလေ့ကျင့်ခန်းမှာ အသင်းဖော်တွေအားလုံးထက် ဦးဆောင်နေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ အသင်းရဲ့ ရာသီကြိုခရီးစဉ်ကို မိသားစုကိစ္စကြောင့် လွဲချော်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်ခံခဲ့ရသူဖြစ်ပါတယ်။

ဘလွန်းဒီ​အော ၅ ဆုရှင် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပေမယ့်လည်း မန်ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တဲ့နောက်ပိုင်း ကစားသမားအနေနဲ့ အသင်းက ထွက်ခွာဖို့ ပြင်ဆင်​နေတယ်လို့ သတင်း​တွေက ​ဖော်ပြခဲ့ပါတယ်။

Getty Images
Getty Images

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ဗယ်လက်ကာနိုနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပေမယ့် ၄၅ မိနစ်သာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘရိုက်တန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာလည်း ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး နည်းပြ တန်ဟက်ဟာ အသက် ၃၇ နှစ်အရွယ်ကစားသမားရဲ့ ကြံ့ခိုင်မှုမပြည့်ဝမှုကြောင့် အရန်ခုံ ထိုင်ခိုင်းခဲ့တာဖြစ်တယ်လို့ အကြောင်းပြချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ စနေနေ့ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းကို သွားရောက်ကစားရမယ့် အဝေးကွင်းပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားပုံပေါ်နေတာဖြစ်ပြီး ​လေ့ကျင့်​ရေးအစီစဥ်​တွေကို အပြင်းအထန် ပြုလုပ်​နေတာ ​တွေ့ရပါတယ်။

Getty Images