အသင်းရဲ့အမှားတွေကို ထောက်ပြခဲ့လို့ ယူနိုက်တက်က နှုတ်ထွက်ခဲ့ရတဲ့ ရဖ်ရန်းနဂ်

Posted on

ယူနိုက်တဒ် ကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးတဲ့ ရဖ်ရန်းနဂ် က အသင်းရဲ့ အားနည်းချက်တွေကို ပွင့်လင်းစွာ ချပြခဲ့တာကြောင့် ပိုင်ရှင်တွေရဲ့ မျက်မုန်းကြိုးခံခဲ့ရပြီး နှုတ်ထွက်ခဲ့ရတာပဲဖြစ်ပါတယ်။

ရန်းနဂ်က အသင်းဟာ အပေါ်ယံမိပ်ကပ်အုပ်တဲ့ ရေတိုကုစားမှုတွေနဲ့ မလုံလောက်တော့ပဲ အကြီးစားပြင်ဆင်မှုပြုလုပ်ရန်လိုအပ်ကြောင်း ထောက်ပြခဲ့တဲ့ တစ်ဦးတည်းသော နည်းပြလည်းဖြစ်ပါတယ်။သူ့လက်ထက်မှာ မက်ဂွိုင်းယား၊မားကပ်စ်ရရှ်ဖိုဒ့် တို့ အရံခုံရောက်ခဲ့သလို အဝတ်လဲခန်းကနေ ဘုတ်အဖွဲ့အထိ ဝေဖန်ခံရလွန်းတာကြောင့် မူလသဘောတူညီချက်ဖြစ်တဲ့ အားကစားဒါရိုက်တာရာထူး အစား ထုတ်ပယ်ခဲ့တာပဲဖြစ်ပါတယ်။

ရန်းနဂ်က “ဒီအသင်းရဲ့ပြသနာတွေကိုဖြေရှင်းဖို့က ဒုံးပျံပညာရှင်တစ်ယောက်လို ရှူတ်ထွေးပွေလီတဲ့ ပညာရပ်တွေ သင်ယူစရာမလိုပါဘူး။ အရေးအကြီးဆုံးအချက်က အသင်းက ဘယ်နည်းစနစ် နဲ့ ကစားမလည်းဆိုတာကို တိကျရှင်းလင်းစွာ သိရှိဖို့ပဲ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ကြီးစိုးထားတဲ့ နှစ်သင်းဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူးလ်ကို ကြည်လိုက်ပါ။သူတို့နည်းပြတွေမှာ ခိုင်မာတဲ့ နည်းဗျူဟာ နဲ့ တိကျတဲ့ နည်းစနစ်တွေရှိပြီး အပြောင်းရွှေ့တိုင်းမှာ နည်းပြချမှတ်ထားတဲ့ မူဘောင်ထဲကို ဝင်ကစားနိုင်မယ့်သူတွေပဲ ခေါ်ယူပြီး တည်ဆောက်သွားတာပါ”လို့ဆိုပါတယ်။

ဆက်လက်ပြီး ဂျာမန်သားကြီးကပဲ”ယူနိုက်တဒ် ကို ပြန်ပြီးတည်ဆောက်ဖို့ နှစ်ရှည်ကြာမြင့်နေတာမျိုး မလိုပါဘူး ဒါပေမယ့်လည်း အသေးစား ပြုပြင်ပြောင်းလဲရေးလိုမျိုး မိပ်ကပ်ရိုက် လက်ပူတိုက်တာမျိုးလည်း ဖြစ်လို့မရပြန်ပါဘူး။ဆေးလောက အခေါ်ဝေါ်နဲ့ဆိုရင်တော့ ယူနိုက်တဒ် ဟာ နှလုံးခွဲစိတ်တဲ့ အကြီးစား ခွဲစိတ်မှုမျိုး လိုအပ်နေပါတယ်။ကျွန်တော့်အမြင်မှာတော့ လာမယ့်ရာသီအတွက် ကစားသမား ၆-၇-၈ ယောက်လောက်ကနေ ၁၀ ယောက်လောက်အထိ လိုအပ်ပါလိမ့်မယ်။”

” လက်ရှိ ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူးလ် က ကမ္ဘာ့အဆင့်နည်းပြနှစ်ယောက်ခေါ်လိုက်ရုံနဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး သူတို့မှာ ဘယ်လိုကစားမယ်၊ဘယ်လိုကစားသမားတွေလိုအပ်တယ်ဆိုတာ နည်းပြတွေ မရောက်ခင်ထဲက ကြိုတင်စီစဉ်ပြီးသားပါ သူတို့ရဲ့ ဘယ်လိုအစီစဉ်မျိုးမှာမဆို ငါတို့ဘယ်လိုကစားကြမလည်း ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပဲ သွားကြတာပါ”လို့ ထောက်ပြခဲ့ပါတယ်။