မန်ယူနိုက်တဒ် တိုက်စစ်မှုးအတွက် ကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ PSG အသင်း

Posted on

PSG အသင်းဟာ မန်ယူနိုက်တဒ်တိုက်စစ်မှုး မားကပ်စ်ရရှ်ဖိုဒ့် အတွက် စိတ်ဝင်စားမှုပြနေပြီး ကနဦးစုံစမ်းမှုတွေ စတင်ပြုလုပ်လာပြီလို့ သိရပါတယ်။RMC နဲ့ L’Equipe တို့ရဲ့ဖော်ပြချက်အရ PSG အားကစားဒါရိုက်တာ လူးဝစ်ကမ်းပိုစ့် က မားကပ်စ်ရရှ်ဖိုဒ့် ရဲ့ ခြေစွမ်းကို သဘောကျ နှစ်ခြိုက်ပြီး လက်ရှိရာသီမှာ မက်ဆီ၊နေမာ၊အမ်ဘာပေး တို့နဲ့ တန်းတူ ယှဉ်ပြိုင်နိုင်စေဖို့ အာမခံချက် ပေးသွားဖွယ်ရှိတယ်လို့ ဖော်ပြလာပါတယ်။

ယူနိုက်တဒ် အနေနဲ့ မားကပ်စ်ရရှ်ဖိုဒ့် ရဲ့ သတင်းတွေနဲ့ပက်သက်လို့ မှတ်ချက်ပေးတာမျိုးပြုလုပ်ထားတာမရှိပေမယ့် ပရိတ်သတ်တွေကတော့ အင်္ဂလန်ဝေဠုကျော် ကို အသင်းကနေထွက်သွားလည်း လွမ်းဆွတ်နေမှာမဟုတ်ကြောင်း တုံပြန်ခဲ့ကြပါတယ်။

မားကပ်စ် နဲ့ ယူနိုက်တဒ် ကြားမှာ စာချုပ်လက်ကျန် (၁)နှစ်ကျော်သာ ကျန်ရှိနေပြီး မကြာခင် စာချုပ်သစ် ဆွေးနွေးမှုတွေ စတင်တော့မှ ဖြစ်လို့ ဒီသတင်းဟာ ကစားသမားဖက်က အသာစီးရစေဖို့ လွှင့်တင်တဲ့သတင်း ဖြစ်လာနိုင်တယ်လို့လည်း ပရိတ်သတ်တချို့ကဆိုပါတယ်။

ယူနိုက်တဒ် အနေနဲ့ မားကပ်စ် ကို တစ်ပတ်လုပ်ခ ပေါင်(၂၅၀၀၀၀) နဲ့ ငါးနှစ်စာချူပ် ချုပ်ဆိုထားတာ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုခဲ့ရင် အင်္ဂလန်တိုက်စစ်မှုးအနေနဲ့ တစ်ပတ်ပေါင်(၃)သိန်းဝန်းကျင်အထိရယူလိုနေတာပဲ ဖြစ်ပါတယ်။

သို့သော်လည်း ကစားသမားတွေကိုစာချုပ်သစ်ချုပ်ဆိုရာမှာ အဲရခ်တန်ဟဂ် ရဲ့ ဆုံးဖြတ်ချက်ကအခရာကျလို့ မားကပ်စ် အနေနဲ့ ပိုမိုမြင့်မားတဲ့ အခွင့်အရေးတွေ အလိုရှိတယ်ဆိုရင် သူ့ရဲ့ ခြေစွမ်းကို အမြင့်ဆုံးထိ ပြသနိုင်ဖို့တော့ လိုပါတယ်။

မားကပ်စ် ရဲ့ ပုခုံးနဲ့ခါး ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေ က သူ့ရဲ့မူလကစားပုံကို ပြောင်းလဲစေခဲ့သလို အရင်ထက်စွမ်းဆောင်ရည်နိမ့်ကျသွားတာကြောင့် ပရိတ်သတ်တွေကြားဝေဖန်မှုတွေ တိုးမြင့်လျက်ရှိပါတယ်။

မားကပ်စ် အနေနဲ့ ခြေစွမ်းကောင်းပြန်ရရှိစေ ရာသီကြိုလေ့ကျင့်ရေးတွေ အပြင်းအထန် ပြုလုပ်ခဲ့ပေမယ့်လည်း ဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ ဘရိုက်တန် နဲ့ ပွဲမှာ အပိုင်အခွင့်အရေး တွေ လွဲချော်ခဲ့တာကြောင့် ပွဲထွက်ခွင့်အာမခံချက်အတွက်ပါ အရေးကြီးတဲ့ကာလကို ရောက်ရှိနေပါတယ်။

PSG အသင်းက မားကပ်စ်ကို အမှန်တကယ်စိတ်ဝင်စားနေပေမယ့် ယခုရာသီမှာ ကမ်းလှမ်းတာမျိုး မဖြစ်နိုင်သေးပဲ လာမယ့်ရာသီ အမ်ဘာပေး ထွက်ခွာရင် တိုက်ရိုက်အစားထိုးရန်အတွက်သာ ခေါ်ယူဖို့ကြိုးပမ်းတာမျိုးဖြစ်နိုင်ပြီး လက်တလောမှာ အင်္ဂလန်သား အနေနဲ့ နေရာတစ်ခုရစေဖို့ အပြင်းအထန်တိုက်ပွဲဝင်ရဖွယ်ရှိပါတယ်။