ဒီဂီယာနေရာ အစားထိုးမယ့် ဂိုးသမားကို ရှာတွေ့ထားပြီဖြစ်တဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ ယခုတစ်ပတ် ကစားမယ့် နယူးကာဆယ် အသင်းနဲ့ ပွဲမှာ ပွဲ(၅၀၀)ပြည့်မြောက်တော့မယ့် ဝါရင့်ဂိုးသမားကြီး ဒဟေးယား နေရာကို အစားထိုးရန်အတွက် ဈေးကွက်အတွင်းရှာဖွေနေပြီး လက်တလောမှာတော့ ပေါ်တိုရဲ့ထိပ်သီးဂိုးသမား ဒီယေဂိုကော်စတာ ကို စိတ်ဝင်စားလျက်ရှိပါတယ်။ ယူနိုက်တဒ် ကင်းထောက်တွေဟာ ပေါ်တိုအသင်းရဲ့ ပွဲစဉ်တိုင်းကို ယခုရာသီမှာစောင့်ကြည့်လျက်ရှိပြီး ကော်စတာ ရဲ့ အေးဂျင့် နဲ့လည်း ဆက်သွယ်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပေါ်တူဂီကလာတဲ့သတင်းတွေအရ ယူနိုက်တဒ် ဟာ အနာဂတ်ရဲ့ထိပ်သီးဂိုးသမားစာရင်းမှာ ပါဝင်လာနိုင်တဲ့ ကော်စတာ ကို ခေါ်ယူရန် ခြေတစ်လှမ်းအသာရနေပြီလို့တောင် ဖော်ပြနေကြပါတယ်။

မန်ယူနိုက်တဒ် အနေနဲ့ ဒဟေးယား ရဲ့ ပွဲ(၅၀၀)ပြည့်ဂုဏ်ပြုမှုကို ယခုတစ်ပတ်ကစားမယ့် နယူးကာဆယ် နဲ့ ပွဲမှာ ဆုတံဆိပ်နဲ့အတူ ဂုဏ်ပြုမှာဖြစ်ပေမယ့် လာမယ့်ရာသီအတွက်တော့ ဂိုးသမားအသစ်တစ်ဦးကို သာ တင်သွင်းလိုနေပါတယ်။ တစ်ပတ်လုပ်ခပေါင်(၃၇၅၀၀၀) ပေးချေထားရတဲ့ ဒဟေးယား ဟာ ၂၀၂၃ မှာ စာချုပ်ကုန်မှာဖြစ်သလို တန်ဟဂ် အလိုရှိတဲ့ sweeper keeper type မဟုတ်တာကြောင့် အသင်းရဲ့နည်းစနစ်ပိုင်းဆိုင်ရာအားနည်းချက်ကို ဖာထေးရန်အတွက် နည်းဗျူဟာပိုင်းအလျှော့ပေးမှုပြုလုပ်ထားရပြီး လာမယ့်ရာသီမှာတော့ တန်ဟဂ် က အဆိုပါအခြေအနေကို ပြောင်းလဲလိုတာပဲ ဖြစ်ပါတယ်။နော်တင်ဟမ်ဖောရက်စ် ကို အငှားချထားတဲ့ ဒိန်းဟန်ဒါဆင် က တန်ဟဂ် ရဲ့ နည်းစနစ် နဲ့ ကိုက်ညီပေမယ့် စိတ်ဓာတ်ပိုင်းအားနည်းမှုကြောင့် အသင်းကိုပြန်လည်ခေါ်ယူခဲ့ရင်တောင် နံပတ်(၁)နေရာပေးဖို့က အခက်ခဲရှိနေပါတယ်။

ကော်စတာ က ပြီးခဲ့တဲ့ရာသီကမှ ပေါ်တို ရဲ့ နံပတ်တစ် ဖြစ်လာပြီး ယခုရာသီမှာ (၁၃)ပွဲကစား (၇)ပွဲကို ပေးဂိုးမပေးရအောင်ကာကွယ်ထားနိုင်ပါတယ်။ကော်စတာ နဲ့ ပေါ်တို အသင်းကြားမှာ ၂၀၂၆ အထိ စာချူပ်ကျန်ရှိပေမယ့် စာချုပ်ဖျတ်သိမ်းကြေး ပေါင်(၅၂)သန်း ရှိနေပြီး ယူနိုက်တဒ် အနေနဲ့ ဥရောပရဲ့ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့် အတွက် လာမယ့်ရာသီမှာ စာချုပ်ဖျတ်သိမ်းကြေးကို အသက်သွင်းဖွယ်ရှိတယ်လို့ သိရပါတယ်။

ကော်စတာ ဟာ ဒဟေးယား နည်းတူ ခြေထောက်နဲ့တားဆီးရာမှာ ကျွမ်းကျင်သူဖြစ်ပြီး ရှေ့ထွက်ဖျတ်ထုတ်တာ၊တည်ကန်ဘောတွေ ထွက်ဆွဲနိုင်တာ အပြင် ဘောလုံးကိုင်နိုင်ပြီး ပေးပို့မှုလည်း တိကျကောင်းမွန်သူ ဖြစ်တာကြောင့် လီဗာပူးလ် ရဲ့ အလက်ဆန်ဘက်ကာ၊မန်စီးတီး ရဲ့ အီဒါဆင် တို့နဲ့ နှိုင်းယှဉ်ခံထားရသူလည်းဖြစ်ပါတယ်။