ပြင်သစ်အတွက် သတင်းကောင်းဖြစ်ခဲ့ပြီး မန်ယူအတွက် သတင်းဆိုးဖြစ်ခဲ့တဲ့ ဗာရန်းရဲ့ဒဏ်ရာပြသနာ

Posted on

စနေနေ့ညက  ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ယူနိက်တက်နောက်ခံလူ ဗာရန်းအနေနဲ့ ကနဦးအစက ဒီဒဏ်ရာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိဒဏ်ရာကို အသေးစိတ်စစ်ဆေးပြီးနောက်မှာတော့ ဒဏ်ရာက ထင်ထားသလောက် မစိုးရိမ်ရတာကြောင့် ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းနဲ့အတူ ပါဝင်ကစားနိုင်မှာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက်သတင်းငှာနကဖော်ပြသွားခဲ့ပါတယ်။

ပြင်သစ်နာမည်ကြီး သတင်းထောက် လော်ရန် ဂျူလီယန်ရဲ့ ဖော်ပြချက်အရ ဗာရန်းရဲ့ တံကောက်ကြောဒဏ်ရာဟာ အပျော့စားဒဏ်ရာ တခုသာ ဖြစ်ပြီး ဆေးစစ်မှုမှာ ရလဒ်အားလုံး ကောင်းနေခဲ့တာကြောင့် ဗာရန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းနဲ့အတူ လိုက်ပါ ကစားခွင့် ရတော့မယ်လို့ သိရပါတယ်။

ဒါပေမယ့် ဗာရန်းက ဒဏ်ရာကို အရှင်းပျောက်ကင်းအောင် ကုသနိုင်ဖို့ ရက်သတ္တပတ် ၄ပတ် ဝန်းကျင် အနားယူရဖို့ ရှိနေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်လည် ကစားပေးနိုင်ပါတော့မယ်။

မန်ချက်စတာ ယူနိုက်တက် အတွက် သတင်းကောင်း တခုကတော့ စိတ်ဖိစီးမှုဒဏ်တွေကြောင့် အနားယူနေတဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်နေပြီး မကြာခင်မှာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။

ဒါကြောင့် ကမ္ဘာ့ဖလားမတိုင်မီ ကစားရမယ့် ပွဲတွေမှာ မာတီနက်ဇ် ၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ သုံးဦးက မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဦးဆောင် ကစားပေးသွားမှာလည်း ဖြစ်ပါတယ်။