ပေါ့ဘာကြောင့် ကံကောင်းခဲ့ပြီး ပြင်သစ်သားနေရာ တိုက်ရိုက်အစားထိုးနိုင်ခဲ့တဲ့ ယူနိုက်တက်

Posted on

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ပေါ့ဘာကို အသင်းက ထွက်ခွာခွင့်ပေးလိုက်တာ တကယ်ကို ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။

မနေ့က ဂျူဗီလေ့ကျင့်ရေးကွင်းကိုရောက်လာပြီး စမ်းသပ်မှုတွေလုပ်ခဲ့ပေမယ့် ပေါ့ဂ်ဘာတယောက် လေ့ကျင့်မှုတောင်မလုပ်နိုင်ခဲ့လို့ ဒဏ်ရာကို ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ရပါပြီ။ဒူးဒဏ်ရာခွဲစိတ်ကုသရမယ့်အခြေအနေကြောင့် ပြင်သစ်ကွင်းလယ်လူပေါ့ဘာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုပါလွဲချော်ဖို့ရှိပါတယ်။ပေါ့ဘာဟာ အခုနှစ်ရာသီအစကမှ မန်ယူအသင်းကနေ ဂျူဗင်တပ်စ် အသင်းဆီပြောင်းရွှေ့လာခဲ့သူပါ။

ရာသီကြိုလေ့ကျင့်ရေးပြုလုပ်စဉ် ဒူးဒဏ်ရာရရှိခဲ့တာကြောင့်အနားယူနေရပြီး နောက်ဆုံးမှာတော့  ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ဒီအခြေအနေကြောင့် ကာလရှည် အနားယူရနိုင်လို့ လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်မယ့် ကမ္ဘာ့ဖလားကို လွဲချော်သွားဖို့ရှိပါတယ်။

ပေါ့ဘာဟာ ညာဘက်ဒူးဒဏ်ရာကိုခွဲစိတ်မှုကြောင့် အနည်းဆုံး ရက် ၄၀ ကနေ ၆၀ အထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် လာမဲ့ ၇၈ ရက်အတွင်း စတင်တော့မဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို ပေါ့ဘာတစ်ယောက် လွဲချော်သွားဖို့ ရာခိုင်နှုန်းများနေပါပြီ။

ပေါ့ဘာရဲ့ဒဏ်ရာ ပြသနာကို ဂျူဗင်တပ်နည်းပြ အယ်လီဂရီကလည်း အတည်ပြုခဲ့ပြီး လာမယ့်နှစ် ဇန်နဝါရီလရောက်မှ ပြန်ကစားနိုင်ဖို့မျှော်လင့်နိုင်ကြောင်း ပြောပါတယ်။ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ်ကလည်း တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ်အများအပြား လွဲချော်ခဲ့ပါတယ်။

ဒီရာသီမှာ ဂျူဗီအတွက် တပွဲမှမကစားရသေးဘဲ ဒဏ်ရာပဲ အရင်ကုနေရသလို သူ မျှော်လင့်နေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပါ လွဲဖို့ရှိနေလို့ စိတ်ပျက်စရာပါပဲ။ ဒီကြားထဲမှာ အစ်ကိုအရင်းဖြစ်သူနဲ့ပါ ပြသနာတွေက တက်နေလို့ ပေါ့ဂ်ဘာတယောက် ဂြိုလ်ဆိုးဝင်နေပါပြီ။

ပြင်သစ်အသင်းဖော် အမ်ဘတ်ပီကို အောက်လမ်းဆရာနဲ့ ကျိန်စာတိုက်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရပြီး အခုတော့ သူကိုယ်တိုင် ဒဏ်ရာကျိန်စာသင့်နေပြီလည်းဖြစ်ပါတယ်။ တဖက်မှာတော့ မန်ယူနိုက်တက်အသင်းဟာ အသင်းအတွက် ပေးဆပ်ကစားလိုစိတ်မရှိတဲ့ ဗိုင်းရပ်ကောင်ကို ထွက်ခွာခွင့်ပေးပြီး အဲရစ်ဆင်ကို အလွတ်ဖြင့် ပြန်လည်ခေါ်ယူနိုင်ခဲ့တာက တကယ်ကို ကောင်းမွန်တဲ့ အပြောင်းအရွှေ့တခုလို ဆိုရပါမယ်။

နှလုံးပြသနာရှိနေပေမယ့် အဲရစ်ဆင်ဟာ ပေါ့ဘာနေရာကို ကောင်းကောင်း အစားထိုးနိုင်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ပွဲစဉ်တိုင်းမှာ  အသားကျ ခြေစွမ်းပြခဲ့လို့ အဲရစ်တန်ဟတ်အကြိုက် ကွင်းလယ်လူတစ်ယောက် ဖြစ်လို့ နေပါတယ်။