ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ထက် တန်ဟက်ရဲ့ သာလွန်တဲ့အချက်ကို ထောက်ပြလိုက်တဲ့ ပေါစခိုးလ်

Posted on

မန်ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူတဦးဖြစ်တဲ့ ပေါလ်စခိုးလ်ကတော့ နည်းပြသစ်တန်ဟတ်ရဲ့  ဂွါဒီယိုလာ၊ ကလော့ပ်နဲ့ အာတီတာတို့ထက် သာလွန်တဲ့ အချက်ကို ထောက်ပြသွားခဲ့ပါတယ်။ နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းဟာ ရာသီအစတုန်းက ဘရိုက်တန် နဲ့ ဘရန့်ဖို့ဒ်တို့ကို ၂ ပွဲဆက် အရေးနိမ့်ခဲ့တာကြောင့် ဝေဖန်မှုတချို့ နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

အဲဒီနောက်မှတော့ တန်ဟတ်က လူစာရင်းကို အနည်းငယ် ပြောင်းလဲခဲ့ပါတယ်။ သန်း (၈၀)တန်အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ကို ဦးစားပေးလူစာရင်းက ထုတ်ကာ လာမာစီယာ၊ မာတီနက်ဇ်နဲ့ ဗာရန်းတို့ကို ခံစစ်မှာထားပြီး ကျစ်လစ်တဲ့ ခံစစ်အစုအဖွဲ့ကို တည်ဆောက်ခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ အဓိကတိုက်စစ်မှုး ရော်နယ်ဒိုကိုလည်း အရန်ခုံမှာသာ ထိုင်စေခဲ့ပါတယ်။ ဒီလိုအပြောင်းလဲတွေကြောင့် မန်ယူနိုက်တက်တို့ဟာ အာဆင်နယ်လီဗာပူးလ်အပါဝင် နောက်ဆုံး (၄)ပွဲကို နိုင်ပွဲဆက်ခဲ့ပါတယ်။

အခုတော့ အဲရစ်တန်ဟတ်ရဲ့ ခေါင်းမမာမှုက ဂွာဒီယိုလာနဲ့ ဂျာဂင်ကလော့တို့ထက် သာလွန်ခဲ့တယ်လို့ ပေါလ်စခိုးလ်က ယုံကြည်နေပါတယ်။စခိုးလ်က တန်ဟက်ရဲ့အတွေးအခေါ်ပြောင်းလဲမှုကို ချီးကျူးခဲ့ပြီး ကလော့ပ် နဲ့ ဂွါဒီယိုလာတို့လို့ ခေါင်းမမာမှုကိုလည်း ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။

ပေါစခိုးလ်က “သူကစားချင်တဲ့အတိုင်းကစားခဲ့ပေမယ့် ကစားသမားတွေက အံမဝင်ခဲ့ပါဘူး။ အခုတော့ သူပွဲနိုင်မယ့်နည်းလမ်းကို တွေ့သွားခဲ့ပါပြီ။ ကျွန်တော်တို့ တစ်ချိန်လုံး အတွေးအခေါ်အကြောင်း ပြောနေတာပါ။ ကလော့ပ် ၊ ဂွါဒီယိုလာ ၊ အာတီတာတို့က ခေါင်းမာပါတယ်။ တန်ဟက်ကတော့ ခေါင်းမမာပဲပြောင်းလဲခဲ့ပါတယ်။ အခုဆို တန်ပြန်တိုက်စစ်နဲ့ အဆင်ပြေတယ်ဆိုတာကို သူရှာတွေ့ခဲ့ပါပြီ။”

” ပရိသတ်တွေက စိတ်ကူးယဉ်နေကြတာကို ကျွန်တော်နားလည်ပါတယ်။ ယူနိုက်တက်အဆင့်အတန်းက ကောင်းလာပါပြီ။ ဒါပေမယ့် အခုမှ အစပဲရှိပါသေးတယ်။ အရှည်ကြီးသွားဖို့ကျန်နေပါသေးတယ်။ အခုထက်ပိုကောင်းတာတွေလုပ်ပြနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ရင်းနှီးမြုပ်နှံရမှာတွေ ရှိနေပါသေးတယ်။ ဆုဖလား လိုချင်တယ်ဆိုရင် ပိုကောင်းအောင် လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ပွဲတိုင်းကို အနိုင်ရရှိချင်စလို ပရိသတ်တွေကလည်း အဲ့လိုပဲ လိုချင်မှာပါ”လို့  ပြောကြားခဲ့ပါတယ်။