ပရီးမီးယားလိဂ်သမိုင်းတလျောက် အကောင်းဆုံး(၁၁)ယောက်အသင်းကို ရွေးချယ်ရာမှာယူနိုက်တက်ကစားသမား(၅)ဦးအထိ ထည့်သွင်းလိုက်တဲ့ မိုက်ကယ်အိုဝင်

Posted on

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သလို ဘောလုံး ဝေဖန်သုံးသပ်သူတဦးဖြစ်တဲ့ မိုက်ကယ် အိုဝင်က ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်ရဲ့ အကောင်းဆုံး (၁၁)ယောက် အသင်း လူစာရင်းကို ရွေးချယ်လိုက်ပါတယ်။

အသက် 42 နှစ် ရှိနေပြီ ဖြစ်တဲ့ မိုက်ကယ် အိုဝင် ကိုယ်တိုင်က လီဗာပူး အသင်းအတွက် ကစားပေးခဲ့စဉ်တုန်းက ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ခဲ့ဖူးပေမဲ့ ရီးယဲ မက်ဒရစ် အသင်းဆီ ပြောင်းခဲ့တဲ့နောက်မှာတော့ ခြေစွမ်း မပြနိုင်ခဲ့ပဲ နောက်တစ်နှစ်မှာ နယူးကာဆယ်ဆီ ရောက်ခဲ့ရပါတယ် ။

အဲ့ဒီနောက် 4 နှစ် အကြာမှာ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့ပြီး 52 ပွဲထိ ကစားပေးခဲ့ရာမှာ 17 ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။အခုတော့ ပရီးမီးယားလိဂ်သမိုင်းတလျောက် အကောင်းဆုံး  (၁၁)ယောက်စရင်းကို ရွေးထုတ်ပေးရာမှာ အိုဝင်ဟာ သူ့ကိုယ်သူ မထည့်သွင်းပဲ အသင်းဖော်ဟောင်းတွေ အရွေးများခဲ့ပြီး မန်ယူနိုက်တက်ကစားသမား (၅)ယောက် ပါဝင်ခဲ့ပါတယ်။ ဂိုးသမားနေရာအတွက် အိုဝင်က-

” ကျွန်တော့် အတွက်တော့ ပီတာ ရှမိုက်ကယ် ပါပဲ ။ သူ ရရှိခဲ့တဲ့ ဆုဖလားတွေက သက်သေပဲလေ ။ သူဟာ ဒီမျိုးဆက်ရဲ့ အခမ်းနားဆုံး အသင်းမှာ ပါဝင်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ ။ သူ အမြဲ သတိရှိသလို လူကောင်လည်း ကြီးပြီး ခေါင်းဆောင်မှုလည်း ပေးနိုင်ပါတယ် ”

” သူဟာ အသင်းကို တိုက်စစ်ဆင် ကစားစေဖို့ အတွက် မောင်းနှင်ပေးနိုင်စွမ်း ရှိတဲ့ ဂိုးသမား တစ်ယောက်ပဲ ဖြစ်ပါတယ် ” လို့ အိုဝင် က ပြောလိုက်ပြီး ညာခံစစ် နေရာမှာ ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ် ကို ဆက်လက် ရွေးချယ်ခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ဗဟို ခံစစ် နေရာအတွက် ယူနိုက်တက် ဂန္တဝင် ဖာဒီနန် ကို ရွေးခဲ့လိုက်ပြီး လက်ရှိ ပရီးမီးယားလိဂ် မှာ မန်စီးတီး အသင်းအတွက် ကစားပေးနေတဲ့ ကယ်ဗင် ဒီဘရိုင်း ဟာ ဒီလို အသင်းထဲ ပါဝင်နိုင်စွမ်း ရှိသူ တစ်ဦးဖြစ်ကြောင်း ပြောခဲ့ပြီး အရန် စာရင်းထဲ ထည့်သွင်းခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ကွင်းလယ်မှာ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် ကို ရွေးချယ်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒို ကို ထည့်သွင်း ရွေးချယ်ခဲ့လိုက်ပါတယ် ။ သူ့ကို ရွေးချယ်တာနဲ့ ပတ်သက်လို့ ‘ ကျွန်တော် သူ့ကို ရွေးပါ့မယ် ။ သူဟာ ဘောလုံံး သမိုင်းရဲ့ အကောင်းဆုံး ကစားသမားပါ ။ ဒါပါပဲ ” လို့ ပြောပြီး အရန် စာရင်းထဲ ရွန်းနီ ကို ထည့်သွင်းသွားခဲ့လိုက် ပါတယ် ။

အိုဝင် ရွေးချယ်ပေးလိုက်တဲ့ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်ရဲ့ အကောင်းဆုံး အသင်း

(ဂိုး)ရှမိုက်ကယ်

(ခံစစ်)နဗီးလ် ၊ ဖာဒီနန် ၊ တယ်ရီ ၊ ကိုးလ်

(ကွင်းလယ်)ဂျရတ်၊ ဗီအဲရား ၊ စခိုးလ်

(တိုက်စစ်) ရော်နယ်ဒို ၊ အလန်ရှီးယား ၊အွန်နရီ တို့ပဲ ဖြစ်ပါတယ် ။

အရန်လူတွေကတော့ ၊ ယာယာတိုရေး ၊ ရွန်းနီ ၊ဒီဘရိုင်း တို့ပဲ ဖြစ်ပါတယ် ။