လူစားဝင်တိုက်စစ်မှုးတွေရဲ့သွင်းဂိုးတွေနဲ့ Omonia ကို ကပ်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်(ပွဲပြီး သုံးသပ်ချက်)

Posted on

ကတ်စမဲရိုး ကို စတင်အသုံးပြုလာပြီး အန်တိုနီ၊ရော်နယ်ဒို၊ဆန်ချို တို့နဲ့ ပွဲထွက်လာတဲ့ ယူနိုက်တဒ် အခင်းအကျင်း က Omonia အသင်းကို အသာစီးကနေ ဖိအားပေးနိုင်ခဲ့သလို အခြေအနေလည်း ကောင်းခဲ့ပါသေးတယ်။ဗာရန်း နဲ့ မက်ဂွိုင်းယား မပါဝင်နိုင်တာကြောင့် လင်ဒီလောဖ့် ကို မာတီနက်ဇ် နဲ့ တွဲဖက်ပေးခဲ့ပြီး ဒါးလော့ နဲ့ မလာစီယာ ကို အနားမပေးခဲ့တာက နည်းဗျူဟာကြောင့် ဖြစ်နိုင်ပါတယ်။သို့သော်လည်း အဆိုပါအချက်ကပဲ Omonia အသင်းအတွက် ဦးဆောင်ဂိုးရစေခဲ့တာဖြစ်ပြီး ပွဲဆက်များထားတဲ့ မလာစီယာ ရဲ့ အမှားကနေ အိမ်ရှင်အသင်းက ဦးဆောင်ဂိုးရဖို့ အခွင့်အရေးဖန်တီးနိုင်ခဲ့ပါတယ်။

အဲရခ်တန်ဟဂ် အနေနဲ့ ပရီးမီးယားလိဂ်နည်းပြကောင်းတစ်ယောက်လုပ်ဖို့ဆိုရင် ဒေသတွင်းပွဲဆက်များမှုကြောင့် ကြုံတွေ့ရမယ့် ပွဲပန်းတာနဲ့ကစားအားကျတဲ့ ပြသနာတွေကိုဖြေရှင်းဖို့ အဖြေရှာနိုင်ဖို့တော့လိုပါတယ်။ယူနိုက်တဒ် ရဲ့ ပြသနာတွေထဲမှာ ဘရူနို ရဲ့ အကောင်းဆုံးတွေကို ထုတ်ယူမှာလား၊တန်ဟဂ်ရဲ့ flow အတိုင်းစီးဆင်းမှာလားဆိုတာက မေးခွန်းထုတ်ရန် ရှိနေပါတယ်။နံပတ်(၁၀) မှာအဆင်မပြေတဲ့ ဘရူနို နဲ့ တန်ဟဂ်ရဲ့ နံပတ်(၈)နေရာထားဖို့ စွမ်းဆောင်ရည်မလုံလောက်တဲ့ အချက်နှစ်ခုမှာ ဘယ်တစ်ခုကို စတေးမှာလည်းဆိုတာက အသင်းရဲ့အနာဂတ်အောင်မြင်မှုအပေါ်မှာပါမူတည်လာပါလိမ့်မယ်။

လက်ရှိအထိတော့ ဘရူနို ဟာ တန်ဟဂ် ရဲ့ စနစ်ထဲ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရဆဲ အနေထားမှာပဲ ရှိပါသေးတယ်။ဒုတိယပိုင်းမှာတော့ သွင်းဂိုးလိုအပ်နေတာကြောင့် ရှော နဲ့ ရရှ်ဖိုဒ့် ကို ချက်ချင်းထည့်သွင်းခဲ့ပြီး အလုပ်ဖြစ်ခဲ့ကာ မားကပ်စ်ရရှ်ဖိုဒ့် က ပွဲစပြီးသိပ်မကြာခင်မှာပဲ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

ဆက်လက်ပြီးမာစီရယ် ကိုထည့်သွင်းခဲ့တာက ထပ်မံအလုပ်ဖြစ်ခဲ့ပြီး ပြင်သစ်သားကလည်း ရရှ်ဖိုဒ့် ရဲ့ နောက်ပြန်ပေးပို့မှုကို ဧရိယာထိပ်ကနေ အပြင်းကန်သွင်းကာ အနိုင်ဂိုးရယူပေးခဲ့ပါတယ်။ရရှ်ဖိုဒ့်-ရော်နယ်ဒို တွဲဖက်မှုကနေ တတိယဂိုးရခဲ့ပေမယ့် လင်ဒီလောဖ့်အမှားကနေ Omonia အသင်းကဒုတိယချေပဂိုးပြန်လည်ရရှိသွားပါတယ်။ဒီပွဲမှာ ရော်နယ်ဒို အတွက် အပိုင်အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ပေါ်တူဂီစတားကတော့ဖြုန်းတီးခဲ့ပြီး ကံခေနေတာကြောင့်လည်း ပြတ်သားတဲ့ရလာဒ်ကို မမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။