အတက်မြန်သလောက် နေဝင်ချိန် စောခဲ့ရတဲ့ ဝိန်းရွန်းနီ

Posted on

အဲဗာတန် နဲ့ တောက်ပလာတဲ့ ဝိန်းရွန်းနီ ဟာ သူ့ရဲ့ ကစားသမားဘဝအစမှာတင် အာဆင်နယ်အသင်းရဲ့ဂိုးအပေါ်ထောင့်ကို (၄၅)ကိုက်ကနေ အပြင်းကန်သွင်းပြီး ကမ္ဘာကြီးကို မိတ်ဆက်ခဲ့ပါတယ်။သူ့ရဲ့ ယူရို၂၀၀၄ ဖြတ်သန်းမှု၊ မန်ယူနိုက်တဒ် ရဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်ဟက်ထရစ်၊ပြီးတော့ အစောပိုင်းဆယ်စုနှစ်အတွင်း အောင်မြင်မှုတွေ ဝိန်းသာဖြစ်ချင်ရင် ကမ္ဘာ့ထိပ်သီး နှစ်ယောက်နဲ့အပြိုင် ကြဲ လို့ရခဲ့ပေမယ့် သူ့ရဲ့ နှောင်းပိုင်းကာလတွေမှာတော့ ပေးဆပ်သူအဖြစ်သာ ကုန်ဆုံးခဲ့ရလို့ တောက်လောင်သင့်သလောက် မလင်းလက်ခဲ့ရတဲ့ကြယ်တစ်ပွင့်အဖြစ်သာ အဆုံးသတ်ခဲ့ရပါတယ်။သူနဲ့စင်ပြိုင်ပေါ်ထွက်လာပြီး အစောပိုင်းမှာ ထင်သလိုမဖြစ်ခဲ့တဲ့ ရော်နယ်ဒို ကတော့ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့အတောက်ပဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဝိန်းကို ခြေစွမ်းကျဆင်းစေခဲ့တဲ့ အဓိကအကြောင်းအရာတွေထဲမှာ အရက်၊မိန်းမလိုက်စားတာနဲ့ အပျော်ကျူးတာတွေအပြင် လေ့ကျင့်သားမပြည့်ဝတာ နဲ့ ပါရမီအပေါ် အလွန်အမင်း မှီခိုခဲ့တာတွေက အဓိက ကျတဲ့ အကြောင်းအရာတွေဖြစ်ပေမယ့် အခြားသော အကြောင်းအရာတစ်ခုလည်း ကျန်ရှိနေပါသေးတယ်။ဝိန်း ရဲ့ ငယ်ဘဝက လုပ်တိုင်းဖြစ်သလို kick power ကောင်းပြီး work load များတဲ့ ကစားသမားဖြစ်တာကြောင့် ပင်ကိုယ်စွမ်းရည်တိုးတက်ဖို့ထက် အသင်းလိုက်ကစားအားကောင်းစေဖို့သာ ကြိုးစားရုန်းကန်ရင်း ဘဝ ရဲ့ ရည်မှန်းချက်တွေကို ပျောက်ဆုံးခဲ့တယ်လို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။အထူးသဖြင့် ဖာဂီ ဟာ တိုက်စစ်မှူး နေရာမှာပဲ အမြဲတမ်းထားကစားရင် အလန်ရှီးယား ရဲ့ စံချိန်ကို အသာလေးကျော်တက်နိုင်မယ့် ဝိန်းရွန်းနီ ကို တောင်ပံ/နောက်ချန် တိုက်စစ် နေရာတွေအထိ ထားကစားခဲ့ပြီး ဒီအချက်က သူ့ကို All Round Stricker ဖြစ်လာစေမယ့် ထူးချွန်ထက်မြက်တဲ့ တိုက်စစ်မှုးတစ်ယောက်အဖြစ်ကနေတော့ အားလျော့သွားစေပါတယ်။

ဝိန်း က မိန်းမကိစ္စအတော်လေးရှုတ်တဲ့ထဲပါသလို အရက်လည်း ကြိုက်သူဖြစ်ပါတယ်။ ဖာဂီ က ဝိန်းကို အဝလွန်မျိုးရိုးကဆင်းသက်လာသူ့ဖစ်တာကြောင့် အလ်ကိုဟော နဲ့ အသင့်စား အစားသောက်တွေ ပိတ်ပင်ခဲ့ပေမယ့် စည်းကမ်းလိုက်နာမှုအားနည်းတဲ့ ဝိန်း ဟာ ထင်တိုင်းကြဲပြီး သူ့စိတ်ကြိုက်သာပြုမူလေ့ရှိပါတယ်။

ကွင်းထဲမှာ ပေါက်ကွဲအားပြင်းသလို ကစားပုံမပျက်စီးတာ၊လေ့ကျင့်ရေးမှာ တောင် အရှုံးကိုလက်မခံနိုင်တာ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာမြင့်မားမှုတွေက ဝိန်းရဲ့အားသာချက် ဖြစ်ခဲ့သလောက် စည်းကမ်းပိုင်းအားနည်းပြီး ကာယလေ့ကျင့်ခန်းတွေ ပျက်ယွင်းခဲ့တာတော့ သူ့ရဲ့ အားနည်းချက် ဖြစ်လာစေခဲ့ပါတယ်။ ဝိန်းရွန်းနီ ဟာ (၂၃) နှစ်ဝန်းကျင်မှာ ကမ္ဘာ့အမြင့်ဆုံးထိ တက်လှမ်းနိုင်တဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ခဲ့ပေမယ့် (၃၀)တန်း အရောက်မှာတော့ သူဟာ လျှင်မြန်စွာပဲ အိုမင်းသွားခဲ့ပြီး မီးစာကုန်ခမ်းသွားခဲ့ရပါတယ်။ကျွန်တော်တို့ဟာ ဝိန်းရွန်းနီ ရဲ့ခေတ်ကို ကောင်းစွာ မှီခဲ့ကြပေမယ့် အရိုးသားဆုံးပြောရရင်တော့ သူ့ကစားတာကို အချိန်ကြာကြာ ကြည့်ချင်မိကြောင်းတော့ ဝန်ခံပါရစေ….ဒီနေ့မှာတော့ ရွန်နီဟာ အသက် ၃၇ နှစ် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။