အီဗရာ ပြောတဲ့ ခေါင်းမပါတဲ့ သရဲနီ တိုက်စစ်မှုး

Posted on

တော့တင်ဟမ် နဲ့ ပွဲအပြီး အစီစဉ်တင်ဆက်သူအဖြစ် ရှိနေကြတဲ့ အီဗရာ နဲ့ အွန်နရီ တို့ကြား စကားဝိုင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ အဆိုပါပွဲမှာ မားကပ်စ်ရရှ်ဖိုဒ့် သာ အပိုင်အခွင့်အရေး (၃)ကြိမ်ကို အသုံးချနိုင်ရင် အသင်းအနေနဲ့ သက်သောင့်သက်သာ နိုင်ပွဲကို ရရှိမှာ ဖြစ်ပေမယ့် အင်္ဂလန်သားရဲ့ မလိုအပ်ပဲ အလွန်အကျွံ အားစိုက်မှု နဲ့ ကန်ချက်ပြင်းပြင်းကန်ချက်တွေ က လိုရစ် ထံသာ ဆင်းသက်ခဲ့တာကြောင့် ဂန္နဝင်တိုက်စစ်မှုးကြီး အွန်နရီ အတွက်တော့ စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်ဂန္နဝင်တိုက်စစ်မှုးကြီးက ရရှ်ဖိုဒ့် ရဲ့ ကန်ချက်နဲ့ပက်သက်ပြီး “သူ့အနေနဲ့ ဂိုးသမားရဲ့ ဘယ်ထောင့်ထဲကို အသာအယာလေး ကန်ထည့်လိုက်ရုံပဲ ဘာမှအားထည့်နေစရာမလိုဘူး”လို့ ဝေဖန်ခဲ့ပါတယ်။ အီဗရာ က ချက်ချင်းဆိုသလိုပဲ “လူတိုင်းကမင်းလို ခေါင်းမကောင်းဘူးလေ”လို့တုံပြန်လိုက်ရာမှာတော့ အွန်နရီက “မင်းမှာလည်းခေါင်းပါတာပဲ အဲ့တာကို သုံးပေါ့”လို့ မဆိုင်းမတွ တုံပြန်လိုက်ပါတယ်။

တိုက်စစ်မှုးတစ်ယောက် ဒါမှမဟုတ် modern winger တဖြစ်လည်း inverted winger တစ်ယောက်ဟာ ယခင်လို ပြေးအား၊အလိမ်ခေါက်၊ဖြတ်တင်ဘော စွမ်းရည်တွေတင်မက တိုက်စစ်မှုးတစ်ယောက်လို အဆုံးသတ် နဲ့ နေရာယူမှု စွမ်းရည်တွေပါ အလျှံအပယ် ရှိနေဖို့ လိုပါတယ်။ယနေ့ခေတ် မှာ old fashion stricker လို့ ခေါ်တဲ့ No(9) စစ်စစ် တွေ နေဝင်ချိန် နီးကပ်နေပြီး ဘန်ဇီမာ၊လီဝန်ဒေါစကီး၊ကာဗာနီ၊ဖလ်ကာအို တို့နောက်မှာ ဟာလန်း တစ်ဦးသာ No(9) မျိုးဆက်အဖြစ် ရှိနေပြီး အသင်းကြီးအတော်များများဟာ သမားရိုးကျ တစ်လမ်းသွား တိုက်စစ်မှုးတွေထက် နည်းဗျူဟာမျိုးစုံမှာ အံဝင်ပြီး နည်းစနစ်ပိုကြွယ်တဲ့ ခေတ်သစ်တောင်ပံတိုက်စစ်မှုး တွေကို ပိုမိုအသုံးပြုလာကြပါတယ်။

အဲရခ်တန်ဟဂ် က လည်း နံပတ်(၉) စစ်စစ် ထက် ပေါင်းစပ်စွမ်းရည်မြင့်ပြီး နောက်တန်းကြားကနေရာလွတ်တွေကို အသုံးချကာ အလျှင်အမြန်နေရာယူကာ ပြိုင်ဘက်ကို ရုတ်ချည်း ထိုးနှက်တိုက်ခိုက်နိုင်တဲ့ ခေတ်သစ်တိုက်စစ်မှုး တွေကို ပိုမိုသဘောကျသူဖြစ်ပြီး မာစီရယ်၊ရရှ်ဖိုဒ့် တို့ကို သူ့လက်ထဲမှာအရင်ခြေစွမ်း ပြန်ရနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာတော့ အခြေအနေဟာ မျှော်လင့်ချက် နဲ့ ကင်းကွာနေခဲ့ရပါတယ်။

မာစီရယ် က ဒဏ်ရာအနာတရများလွန်းနေတာကြောင့် ပွဲထွက်ခွင့်ရဖို့အသာထား လေ့ကျင့်ခန်းမှာ မမြင်ရတာတောင် ကြာမြင့်နေခဲ့ပါပြီ။ရရှ်ဖိုဒ့် အနေနဲ့လည်း နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာတင် အပိုင်အခွင့်အရေး (၈)ကြိမ်ဖြုန်းတီးကာ သွင်းဂိုးနဲ့ဖန်တီးမှု တစ်ကြိမ်မှမရတဲ့နောက် ယူနိုက်တဒ် တိုက်စစ်ရဲ့ အဆုံးသတ်စွမ်းရည်ဟာ စိုးရိမ်စရာကောင်းတဲ့အနေထားကိုရောက်ရှိလာပါပြီ။အသင်းရဲ့ final third pass တွေက အရမ်းကြီးအားကောင်းနေတာမျိုးမဟုတ်သလို မန်စီးတီးနီးပါးနားလည်မှုမရှိသေးတဲ့အသင်းလိုက်စုဖွဲ့မှုသာ ရှိနေသေးချိန် ပွဲတိုင်းကို တော့တင်ဟမ် နဲ့ ပွဲကလို ကန်သွင်းချက်အများအပြားရဖို့ဆိုတာက ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ပါတယ်။

ရံဖန်ရံခါ မှာ one chance-one goal နဲ့ ဖြစ်ညှစ်ကန်ရတဲ့ ပွဲတွေ ရှိတတ်သလို ကိုယ်က အသာစီးရနေလျက် ပွဲကို စောစီးစွာဂိုးမဖြတ်နိုင်လို့ ချေပဂိုး/အနိုင်ဂိုး တွေ ပြန်လည်ခွင့်ပြုလိုက်ရတာ က ယူနိုက်တဒ်ရဲ့ (၁၀)စုနှစ်တစ်ခုအတွင်း ပွဲပေါင်းရာဂဏန်း ရှိနေတာကို မေ့လျော့လို့မရတာ မားကပ်စ်ရရှ်ဖိုဒ့် တစ်ယောက် သတိရဖို့လိုပါတယ်။ ပေါလ်စခိုးလ် ရဲ့ စကားနဲ့ဆိုရရင်”အကောင်းဆုံးဂိုးသမားရယ်လို့ မရှိပါဘူး၊အဆုံးသတ်ညံတဲ့တိုက်စစ်မှုးပဲ ရှိတာပါ” လို့ဆိုရင်းနဲ့ပဲ အားနဲ့ကျုံးကန်မယ့်အစား ခေါင်းလေး သုံးပါလားလို့ အကြံပေးရင်းနဲ့ပဲ……..