တသင်းလုံးနည်းပါး ပြောင်းလဲဖွယ်ရှိနေတဲ့ ဆိုစီဒက်နဲ့ပွဲအတွက် မန်ယူစာရင်း

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ က ယနေ့ စတင်မှာဖြစ်ပြီး အိမ်ကွင်း အိုးထရဒ့်ဖိုဒ့် မှာပဲ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက် နဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ တန်ဟဂ် အတွက် ပရီးမီးယားလိဂ် လေးပွဲဆက်အနိုင်ရထားတာကြောင့် ဥရောပပြိုင်ပွဲမှာလည်း အခြေအနေကောင်းဖို့ မျှော်လင့်နေပြီး နိုင်ပွဲဆက်ဖို့မျှော်လင့်ရပါတယ်။သို့သော်လည်း ယူနိုက်တဒ် လူစာရင်းဟာ အပြောင်းလဲများစွာဖြစ်နိုင်ပြီး ရော်နယ်ဒို နဲ့ ကတ်စမဲရိုး လို ချန်ပီယံလိဂ် အရှင်သခင်တွေ အတွက် ယူရိုပါလိဂ် ကို ပထမဆုံး ယှဉ်ပြိုင်ကစားရတော့မှာလည်း ဖြစ်ပါတယ်။

တန်ဟဂ် ရဲ့ ပြီးခဲ့တဲ့ လေးပွဲဆက် လူစာရင်းဟာ အပြောင်းလဲ မရှိခဲ့ပေမယ့် ယနေ့ညမှာတော့ ဂိုးသမားအဖြစ် ကစားသမားသစ် ဒူဗက်ကာ ကို ပွဲထွက်ခွင့်ပေးလာနိုင်ပါတယ်။ခံစစ်တန်းမှာ ပွဲဆက်များပြီး ပွဲပန်းနေတဲ့ အစုအဖွဲ့အစား ဘစ်ဆာကာ၊လင်ဒီလောဖ့်၊မက်ဂွိုင်းယား၊ရှော ခံစစ်တန်းနဲ့ ပြန်လည်ပွဲထုတ်လာဖွယ်ရှိပါတယ်။

ကွင်းလယ်မှာတော့ ကတ်စမဲရိုး ကို ဖရဒ် နဲ့ တွဲဖက်ကာ ဘရာဇီးလ်ကွင်းလယ်အဖြစ် ဖန်တီးလာနိုင်ပြီး အသင်းလူစာရင်းမှာ ကာလအတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ဗန်ဒီဘိခ့် ကို ပြန်လည်မြင်တွေ့ရဖွယ်ရှိပါတယ်။ တိုက်စစ်ပိုင်းကိုတော့ အန်တိုနီ ထပ်မံပါဝင်နိုင်ပြီး ရော်နယ်ဒို နဲ့အတူ မားကပ်စ်ရရှ်ဖိုဒ့် ကို တွဲဖက်မြင်တွေ့ရနိုင်ပါတယ်။

ယူနိုက်တဒ် ရဲ့ ယနေ့ည အရံလူစာရင်းမှာ ဂါနာချို၊ဇီဒန်းအက်ဘာ၊ချာလီဆားဗေ့ချ် တို့ ပါဝင်လာနိုင်ပြီး ပထမအသင်းကစားသမားအများစုကိုတော့ အနားပေးဖွယ်ရှိပါတယ်။

တန်ဟဂ် အနေနဲ့ ရော်နယ်ဒို ကို ရာသီကြိုလေ့ကျင့်ရေး မပြုလုပ်တာကြောင့် ရာသီအစ (၆)ပွဲကို လေ့ကျင့်ရေးပြန်လည်ပြုလုပ်စေကာ ကြံခိုင်မှု နဲ့ နည်းဗျူဟာပိုင်း တိုးတက်စေရန် ပြုလုပ်စေခဲ့ပြီး ယမန်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာတော့ ပေါ်တူဂီသားရဲ့ ပွဲထွက်ခွင့်အတွက် လုံလောက်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။ ယနေ့ပွဲမှာ အဓိက စောင့်ကြည့်ရမယ့်သူက ခံစစ်တန်းဖြစ်ပြီး မက်ဂွိုင်းယား၊ရှော တို့အနေနဲ့ ပုံမှန်ခြေစွမ်းကို မပြသနိုင်ရင် ပရီးမီးယားလိဂ် လူစာရင်းပြန်ဝင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။