အဓိကပစ်မှတ်တိုက်စစ်မှုးအတွက် ပြောင်းရွှေ့ကြေး သဘောတူနိုင်ရန် ကြိုးစားနေတဲ့ ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ PSV တိုက်စစ်မှုး ကော်ဒီဂတ်ပို ကို ခေါ်ယူရန် ကြိုးစားလျက်ရှိပြီး လာမယ့်ဆောင်းဈေးကွက်အတွင်း ရရှိနိုင်ဖို့ စတင် ပြင်ဆင်နေပြီလို့သိရပါတယ်။ ရော်နယ်ဒို ရဲ့ ဆော်ဒီကလပ်ကမ်းလှမ်းမှုကို ပြန်ပြောင်းစဉ်းစားနေမှုက တန်ဟဂ် အနေနဲ့ တိုက်စစ်ကို ပြန်လည်ဖြည့်တင်းရန်လိုအပ်ချက်ရှိလာမှာ ဖြစ်သလို မာစီရယ် ရဲ့ ဒဏ်ရာပြသနာကလည်း စိုးရိမ်စရာကောင်းတဲ့အခြေအနေမှာ ရှိနေပါတယ်။ ယူနိုက်တဒ် အနေနဲ့ တိုက်စစ်မှုးစစ်စစ် မရှိတဲ့ပြသနာကြောင့်မားကပ်စ်ရရှ်ဖိုဒ့်ကိုသာ အားထားနေရလို့ လာမယ့် ဆောင်းဈေးကွက်အတွင်း အင်အားဖြည့်တင်းမှုပြုလုပ်ရန် တန်ဟဂ် က စီစဉ်နေတာပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ် နဲ့ ဂတ်ပိုကြားမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး ကစားသမားဟာ ဆောက်တပ်တန်၊တော့တင်ဟမ် တို့ရဲ့ ကမ်းလှမ်းမှုတွေကိုတောင် ငြင်းဆန်ထားသူဖြစ်ပါတယ်။PSV နည်းပြသစ် နစ္စတရွိုင်း လက်အောက်မှာ ယခုရာသီ (၁၂)ဂိုးသွင်းယူထားသလို ဂတ်ပို ဟာ ဘယ်တောင်ပံတိုက်စစ်ကစားသမား ဖြစ်ပေမယ့်လည်း အထောင်တိုက်စစ်ကို ပိုမိုရွေ့လျားကစားလာတာကြောင့် အနာဂတ် မှာ တိုက်စစ်မှုးစစ်စစ် ရှားပါးနေတဲ့ ဥရောပဈေးကွက်အတွင်း တန်းဝင်တိုက်စစ်မှုးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံနေရသူလည်းဖြစ်ပါတယ်။

တန်ဟဂ် ကတော့ ဂတ်ပို ကို တောင်ပံထက် အထောင်နေရာမှာပိုမိုအသုံးပြုလိုပြီး အရပ်(၆’၁”) ရှိတာကြောင့်လည်း လက်ရှိ အသင်းရဲ့အားနည်းချက်ဖြစ်တဲ့ တည်ကန်ဘောအဆုံးသတ်မှု နဲ့ အမြင့်ဘောထိန်းသိမ်းနိုင်စွမ်းကို ဂတ်ပို က ပေးစွမ်းနိုင်ပါလိမ့်မယ်။ယူနိုက်တဒ် အနေနဲ့ ဂတ်ပိုကို ယူရို(၃၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး PSV အသင်းကတော့ ယူရိုသန်း(၅၀)ဝန်းကျင်မှသာ ရောင်းချလိုပါတယ်။

ဂတ်ပိုကတော့ ပြီးခဲ့တဲ့ နွေအပြောင်းရွှေ့နဲ့ပက်သက်လို့ “မန်ယူနိုက်တဒ်အသင်းရဲ့ စိတ်ဝင်စားမှုကိုရခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း အပြောင်းရွှေ့ဖြစ်ဖို့အတွက်လိုလားတယ်ဆိုတာက ဖုံးကွယ်ထားဖို့မလိုပါဘူး၊အန်တိုနီ ရဲ့ အပြောင်းရွှေ့ဖြစ်မြောက်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ပြုကြောင်းပြောဆိုလိုပါတယ်”လို့ တရားဝင်ဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။ယူနိုက်တဒ် အနေနဲ့ လာမယ့်ရာသီမှာတော့ ဂတ်ပိုကိုခေါ်ယူနိုင်ဖို့ အားစိုက်ကြိုးပမ်းဖွယ်ရှိပြီး ယူရိုသန်း(၄၀) နဲ့ ဈေးနှုန်းလျှော့ချနိုင်ဖို့ ကြိုးစားသွားဖွယ်ရှိပါတယ်။