အပြောင်းရွှေ့ဈေးကွက်မပိတ်ခင်မှာ အဝင်လည်းကြမ်းပြီး အထွက်လည်းကြမ်းမယ့် ယူနိုက်တဒ်

Posted on

အပြောင်းရွှေ့ဈေးကွက်မပိတ်ခင်မှာ အဝင်လည်းကြမ်းပြီး အထွက်လည်းကြမ်းမယ့် ယူနိုက်တဒ်

မန်ယူနိုက်တဒ် အသင်းရဲ့ထုံးစံ အပြောင်းရွှေ့ပိတ်ခါနီးတိုင်း အကြီးကျယ်အလုပ်ရှုတ်ပြတဲ့ အကျင့်ဟာ တန်ဟဂ် ရောက်လာလည်း မပြောင်းလဲပဲ ဆက်ကျင့်ကြံနေဆဲဖြစ်ပါတယ်။နွေရာသီအစမှာထဲက ကြိုးစားခဲ့ရင် အန်တိုနီ၊နူနက်ဇ် တို့ကို ရနိုင်ချေရှိပေမယ့် အချိန်ဆွဲနေခဲ့လို့ ကြန့်ကြာခဲ့ရတဲ့ အပြောင်းရွှေ့တွေက လက်ရှိအချိန်မှာတော့ ဖြစ်နိုင်ချေ မရှိတော့သလို လက်ပူတိုက်အပြောင်းရွှေ့တချို့နဲ့ ပရိတ်သတ်ကို ချွေးသိပ်ဖို့ ကြိုးပမ်းနေပါတယ်။

အထူးသဖြင့် ဂလေဇာ ရဲ့ ရှယ်ယာရောင်းချလိုတဲ့ သတင်းနဲ့အတူ လာမယ့် လီဗာပူးလ် နဲ့ ပွဲမှာ ကွင်းထဲကနေထပြန်ကြမယ့် ပရိတ်သတ်တွေ ကြောင့် ဂလေဇာဟာ ဖိအားလျော့ပါးစေဖို့ အပြောင်းရွှေ့တွေ ပြုလုပ်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

မန်ယူနိုက်တဒ် အသင်းဟာ အာရွမ်ဝမ်ဘစ်ဆာကာ ကို ပဲလေစ့် ထံပြန်လည်အငှားချဖို့ စီစဉ်နေပြီး ပေါင်သန်း(၂၀) ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် စာချူပ်တစ်ခုကိုထည့်သွင်းဖွယ်ရှိပါတယ်။အဲရစ်ဘိုင်ယီ၊တွမ်ဇမ်ဘီ နဲ့ ဂျုံးစ် တို့ကိုလည်း ရောင်းချသွားမှာဖြစ်ပြီး လူငယ်ကွင်းလယ်လူ ဂျိမ်းစ်ဂါနာ ကို လည်း ပေါင်သန်း(၂၀) ဝန်းကျင်နဲ့ ရောင်းချသွားဖွယ်ရှိပါတယ်။

အီသန်လိုင်းယဒ်၊ဟနီဘလ် တို့ကိုအငှားချမှာဖြစ်ပြီး နောက်ခံလူ ဝီလျံ အတွက်လည်း အပြီးသတ်ခေါ်ယူမယ့်အသင်းကို ရှာဖွေလျက်ရှိပါတယ်။ယူနိုက်တဒ် အနေဲ့ ကစားသမားရောင်းချမှုတွေကနေ လစာဘက်ဂျက်လျှော့ချနိုင်ရန် ရည်ရွယ်ထားပြီး အသင်းရဲ့ အသုံးစားရိတ်တိုးမြင့်ရရှိစေဖို့ မျှော်လင့်နေပါတယ်။

အဲရခ်တန်ဟဂ် က ပြန်လည်ဖြည့်တင်းမှုအဖြစ် အရံဂိုးသမား၊ညာနောက်ခံလူ၊ကွင်းလယ်နဲ့ တိုက်စစ်တို့ကိုဖြည့်တင်းလိုပြီး ယခုတစ်ပတ်အတွင်း ကစားသမား ၂/၃ယောက် ခေါ်ယူသွားဖွယ်ရှိပါတယ်။ ညာခံစစ်အတွက် ဘာစီလိုနာ ရဲ့ ဒတ်စ် က ဦးစားပေးအဖြစ်ရှိနေပြီး ကွင်းလယ်မှာတော့ အချိန်ကြာလာတာနဲ့အမျှ ဖရန်ကီဒီဂျောင် ကသာဦးစားပေးအနေနဲ့ တည်ရှိနေပါတယ်။

တိုက်စစ်ပိုင်းအတွက် ချဲလ်ဆီး ရဲ့ ပူလီဆစ် ဒါမှမဟုတ် ဇီယချ် ကို အငှားနဲ့ခေါ်ယူလိုပြီး ရီးရဲလ် ရဲ့ ကတ်စမဲရိုး က အသင်းရဲ့ အကြီးစားအားဖြည့်မှုဖြစ်လာနိုင်ပါတယ်။ကတ်စမဲရိုး နဲ့ ဒီဂျောင် အတွဲကိုသာ ပွဲထုတ်နိုင်ရင် ယူနိုက်တဒ်အပေါ် လက်ရှိကျရောက်နေတဲ့ ဖိအား အားလုံးကင်းစင်သွားတော့မှာလည်းဖြစ်ပါတယ်။