ဘုရင်မကြီးနာရေးကြောင့် အားသာချက် တွေ ရရှိခဲ့တဲ့ တန်ဟဂ်ရဲ့မန်ယူနိုက်တဒ်

Posted on

အင်္ဂလန်ဘုရင်မကြီး ရဲ့ နာရေးသတင်းကြောင့် ယခုတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားထားမှာဖြစ်သလို လာမယ့် စက်တင်ဘာ (၁၈) တနင်္ဂနွေမှာ ပြုလုပ်မယ့် နာရေး အတွက် လည်း ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားပေးရဖွယ်ရှိပါတယ်။

အဆိုပါရက်နောက်ပိုင်းမှာတော့ နိုင်ငံတကာ ပွဲတွေ ဝင်ရောက်လာမှာ ဖြစ်တာကြောင့် စက်တင်ဘာလ အတွင်း ပရီးမီးယားလိဂ် ပွဲတွေ ထပ်ပြီး မရှိတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ် ပရိတ်သတ်တွေ အတွက်တော့ ပြိုင်ပွဲရပ်နားရတာက စိတ်ပျက်စရာကောင်းပေမယ့် အသင်းကြီးတချို့ အတွက်တော့ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး တွေ ရရှိလာနိုင်ပါတယ်။

မန်ယူနိုက်တဒ်အသင်း ဟာ လိဂ် ပွဲတွေရပ်နားတာကြောင့် အသင်းကစားသမားတွေကြား လွဲချော်နေတဲ့ အချိတ်ဆက်နဲ့ ကြံခိုင်မှုပြသနာတွေကိုအဖြေရှာဖို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ ယူနိုက်တဒ် တိုက်စစ်က မာစီရယ် ဒဏ်ရာရနေတာကြောင့် ချိတ်ဆက်မှုအပိုင်းမှာ အားနည်းနေသလို လက်ရှိအချိန်မှာ ရော်နယ်ဒို အတွက်လည်း ကြံခိုင်မှု နဲ့ အသင်းအသားကျမှု ရှာဖွေနိုင်ဖို့ လိုနေပါတယ်။အန်တိုနီ၊ကတ်စမဲရိုး တို့လို ဒေသအသစ်ကို ပြောင်းရွှေ့လာသူတွေ အတွက်လည်း လက်ရှိနားရက်ရတဲ့ကာလ ဟာ အကောင်းဆုံး တိုးတက်မှုတွေရှာဖွေနိုင်မယ့် နေ့ရက်တွေဖြစ်လာခဲ့ပါတယ်။

ယူနိုက်တဒ် ရဲ့ ဒဏ်ရာရလူစာရင်းဟာ ကြီးကြီးမားမား ပြသနာမရှိပေမယ့် အသင်းသားတွေနဲ့ တန်ဟဂ်ကြား နည်းစနစ်ပိုင်းဆိုင်ရာ ပူးပေါင်းနိုင်စွမ်းရှိရန်အတွက်တော့ လိုအပ်နေပြီး တဖက်မှာလည်း ယူနိုက်တဒ် အနေနဲ့ ကစားသမားသစ်တွေကို ဒေသသစ်၊လိဂ်အသစ် နဲ့ အသားကျစေဖို့ အချိန်ပေးရန်လိုပါတယ်။ ဘုရင်မကြီးရဲ့ ဈာပနာ ကြောင့် ပရီးမီးယားလိဂ် ပွဲတွေရပ်နားထားပေမယ့် အခြားသော ဥရောပပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်က ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယူနိုက်တဒ် အနေနဲ့ အဆိုပါကြားကာလမှာ အသင်းရဲ့ ချိတ်ဆက်မှုကိုတိုးတက်အောင် ပြုလုပ်နိုင်ဖို့မျှော်လင့်ရပါတယ်။