မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့ရဲ့ သူ့အပေါ် ရက်စက်မှုတွေအကြောင်း ဖွင့်ချလိုက်တဲ့ မာစီရယ်

Posted on

ယူနိုက်တဒ် တိုက်စစ်မှုး အန်သိုနီမာစီရယ် ဟာ ကစားသမားဘဝ အနိမ့်အမြင့်/အတက်အကျ ကြမ်းသလို သူ့ရဲ့ ကစားသမားဘဝ ဟာ နည်းပြတွေရဲ့ အသုံးချမှုအပေါ် (၁၀၀%)မူတည်နေပါတယ်။လူးဝစ်ဗန်ဟားလ် လက်ထက်မှာ အကောင်းဆုံး ပုံစံတွေပြသခဲ့တဲ့ မာစီရယ် ဟာ မော်ရင်ဟို လက်ထဲမှာတော့ ဆိုးရွားစွာကျဆင်းသွားခဲ့ရသလို နည်းပြသစ်ဆိုးလ်ရှားလက်ထဲမှာလည်း ဒုတိယရာသီကစလို့ အတော်လေးဆိုးရွားတဲ့ ခြေစွမ်းသာ ပြသနိုင်ခဲ့ပါတယ်။

မာစီရယ် ကတော့ သူ့ရဲ့ခြေစွမ်းကျဆင်းမှုနဲ့ပက်သက်လို့ ကိုယ်တိုင်လည်းစိတ်ပျက်မိသလို ပရိတ်သတ်တွေ မသိတဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဖွင့်ချလိုက်ပါတယ်။

မာစီရယ်က မော်ရင်ဟိုနဲ့ ပက်သက်ပြီး “သူနဲ့ပြသနာစတက်တာက ကျောနံပတ်ကြောင့်ပါ၊ကျွန်တော်တို့လအပန်းဖြေခရီးထွက်နေတဲ့အချိန် မှာ သူက စာတို ပို့ပြီး ကျောနံပတ်(၁၁) ကို ယူနိုင်မလားလို့ မေးလာပါတယ်။ဒီကျောနံပတ် က ရိုင်ယန်ဂစ် လို ဂန္နဝင်ကြီး ဝတ်ဆင်ခဲ့တာဖြစ်လို့ သိပ်ကိုထူးခြားတဲ့ ကျောနံပတ်တစ်ခုဆိုတာ သူ ကျွန်တော့်ကို ရှင်းပြပါတယ်။”

” ကျွန်တော်လည်း ချက်ချင်းပဲ ရိုင်ယန်ဂစ်အပေါ်မှာ လေးစားမှု အပြည့်အဝ ရှိပေမယ့် ကျွန်တော့်ရဲ့ ကျောနံပတ်(၉) ကိုပဲ ဆက်ဝတ်ချင်ကြောင်းပြောပြခဲ့ပါတယ်။ကျွန်တော်အသင်းကို ပြန်ရောက်တော့ ကျွန်တော့်ဂျာစီ က နံပတ်(၁၁) နဲ့ ဖြစ်နေပြီး သူက ကျွန်တော့်ကို လေးစားမှုမရှိစွာ ပြုလုပ်ခဲ့တာပါပဲ၊တကယ့်ကို စိတ်ပျက်ခဲ့ရတာပါ”လို့ဆိုပါတယ်။

ဆိုးလ်ရှား နဲ့ပက်သက်လို့” ပြီးခဲ့တဲ့ နောက်ဆုံး နှစ်ရာသီက ကျွန်တော်ကောင်းစွာမကစားနိုင်တဲ့ အချိန်တွေပါပဲ၊အမြဲတမ်းလိုလို ကျွန်တော် ဒဏ်ရာရနေတာပါ။ကိုဗစ် ကာလကျော်လွန်ခဲ့ပြီးတဲ့နောက် ကျွန်တော် လေးလလောက် ကောင်းကောင်းမပြေးနိုင်တာမျိုးအထိရှိခဲ့ပါတယ်။ဒါပေမယ့် ဆိုးလ်ရှားက ကျွန်တော့်ကို လိုအပ်တယ်ဆိုတော့ တောက်လျှောက်ကစားခဲ့တာပါပဲ။”

“ကျွန်တော့်အတွက်ပွဲကစားခွင့်ရလာပေမယ့် ခြေစွမ်းမပြနိုင်တဲ့အခါ အခြေအနေတွေကပိုပြီးရှုတ်ထွေးလာပါတယ်။ကျွန်တော် ဝေဖန်ခံရတဲ့အချိန်မှာ ဒဏ်ရာရှိနေတယ်ဆိုတာ နည်းပြကလုံးဝထုတ်ပြောခဲ့တာမျိုး မရှိဘူးလေ။ကျွန်တော်ခြေစွမ်းကောင်းနေလျက် ဒဏ်ရာရပြီး ခြေစွမ်းကျခဲ့ရသလို ပြန်လာတဲ့အချိန်မှာလည်း ကျွန်တော့်အတွက် နေရာရဖို့က မရှိတော့ပြန်ပါဘူး။ကျွန်တော့်အတွက်ပွဲကစားခွင့်ကများများစားစားမရတော့ပြန်ဘူးလေ”လို့ဖွင့်ဟခဲ့ပါတယ်။