လီယွန်နယ်မက်ဆီကြောင့် စံချိန်တွေ တခုပြီး တခု ကျိုးပျက်နေရတဲ့ ရော်နယ်ဒို

Posted on

PSG အသင်းအနေနဲ့အဝေးကွင်းမှာ လီယိုနယ်မက်ဆီရဲ့တစ်လုံးထဲသောဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။အဝေးကွင်းမှာ လိုင်ယွန်အသင်းနဲ့ကစားရပင်မယ့်လည်း အရင်ပွဲတွေကထက် ကစားကွက်ပိုင်း၊ အသင်းလိုက်ကစားပုံပိုင်းတွေမှာ အနည်းငယ်တိုးတက်လာတယ်လို့ဆိုရမှာပါ။ ပွဲချိန် ၅ မိနစ်ကတည်းက နေမာရဲ့ဖန်တီးပေးမှုကနေ မက်ဆီက PSG အတွက် သွင်းဂိုး သွင်းယူခဲ့ပါတယ်။

လီယို့အနေနဲ့ ၈၉ မိနစ် မှာရရှိတဲ့ Freekick အပါအဝင် အခွင့်အရေးသုံးကြိမ်လောက်ကို ပြိုင်ဘက်ဂိုးသမား လိုပက်စ်နဲ့ နောက်ခံလူ တွေက အကောင်းဆုံးပုံစံပြပြီး ကာကွယ်ရှင်းထုတ်နိုင်ခဲ့တဲ့အတွက် ဂိုးထပ်မရရှိခဲ့တာပါ။ လီယို့ရဲ့ သွင်းဂိုးအပြင် ကစားပုံကောင်းနဲ့ အဆင့်မြင့်တဲ့အခွင့်အရေးဖန်တီးမှုတွေကိုကြည့်ခဲ့ရတဲ့ ပွဲကောင်းတစ်ပွဲပါ။

လီယိုကတော့ MOTM performance ပြသခဲ့ကာ အနိုင်သုံးမှတ် ရရှိစေမည့် သွင်းဂိုးကိုပါသွင်းယူခဲ့တဲ့အတွက် ပရိတ်သတ်တွေကြည့်ရကြိုးနပ်တဲ့ပွဲတစ်ပွဲပါပဲ။

ဒီကနေ့ပွဲက သွင်းဂိုး အပြီးမှာတော့ လီယွန်နယ် မက်ဆီ ဟာ ဘောလုံးသမိုင်းမှာ ပင်နယ်တီ မပါတဲ့ သွင်းဂိုး ( Non-Penalty Goals ) အများဆုံး ကစားသမား ဖြစ်လာခဲ့ ပါတယ် ။ ယနေ့ပွဲမတိုင်မီက ပင်နယ်တီမပါ သွင်းဂိုးအရေအတွက်မှာ မက်ဆီနဲ့ ရော်နယ်ဒိုက (၆၇၁)ဂိုစီနဲ့ တူညီစွာ  ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ တစ်ဂိုးသွင်းယူပြီးချိန်မှာတော့ မက်ဆီဟာ ၆၇၂ ဂိုးဖြင့် ပင်နယ်တီမပါသွင်းဂိုးအရေအတွက် အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ပင်နယ်တီမပါ သွင်းဂိုး ၆၇၁ ဂိုးရှိဖို့ ပွဲပေါင်း (၁၁၃၀) ကစားခဲ့ရပေမယ့် မက်ဆီအတွက်တော့ ၆၇၂ ဂိုး ရရှိဖို့  ပွဲပေါင်း ၉၈၀ သာ ကစားခဲ့ရတယ်လို့လည်း အချက်အလက်တွေက ပြနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ချန်ပီယံလိဂ်မှာလည်း မက္ကာဘီဟိုင်ဖာအသင်းကို ဂိုးသွင်းယူပြီးနောက် မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ အသင်းပေါင်း ၃၉ သင်းကို ဂိုးသွင်း ယူနိုင်ခဲ့တာပါ။ မက်ဆီဟာ အရင်က ရော်နယ်ဒိုနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ ၃၈ သင်း ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၈ ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပထမဦးစားပေးလူစာရင်းဝင်ဖို့ ရုန်းကန်နေရတဲ့အချိန် ၊ ယူရိုပါလိဂ်ကိုဆင်းကန်နေရတဲ့အချိန် မှာ မက်ဆီကတော့ PSG အသင်းနဲ့အတူ ချန်ပီယံလိဂ်မှာရော ပြည်တွင်းပြိုင်ပွဲတွေမှာပါ ထူးရှယ် ခြေစွမ်းပြနေတာလည်း ဖြစ်ပါတယ်။မက်ဆီဟာ PSG အသင်း နောက်ဆုံး ကစားခဲ့တဲ့ ပြည်တွင်းလိဂ် (၄)ပွဲစလုံးမှာ Man Of The Match ရရှိခဲ့တာ ဖြစ်ပါတယ်။