မက်ဂွိုင်းယားအတွက် နေဝင်ချိန်ကန့်လန့်ကာကို ဆွဲချပေးခဲ့တဲ့ အဲရခ်တန်ဟဂ်

Posted on

မန်ယူနိုက်တဒ် နောက်တန်းမှာ မက်ဂွိုင်းယား တစ်ယောက် ပြီးခဲ့တဲ့ နှစ်ရာသီလုံးလုံး ဒုက္ခမျိုးစုံ ကြိုးခုန်ပေးရင်းနဲ့ပဲ ပရိတ်သတ်ကို စိတ်ညစ်စေခဲ့တာ ကြာပါပြီ။ ယူနိုက်တဒ် ပွဲရှိတဲ့နေ့တိုင်း မက်ဂွိုင်းယား ပါလာရင် (ဟာ….သွားပြီ) ဆိုတဲ့ အာမေဠိတ်အသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာတတ်သလို ဘယ်အချိန်များမှ သူ့ကို အရံခုံပေါ် တင်နိုင်မှာလည်းဆိုတဲ့ မေးခွန်းတွေလည်း ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ဖူးပါတယ်။

သို့သော်လည်း အင်္ဂလန်လက်ရွေးစင်ဖြစ်ခြင်း၊ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀) နဲ့ ခေါ်ယူထားရခြင်း အစရှိတဲ့ အကြောင်းပြချက်တွေက ခေါင်းကြီး ခေါ် မက်ဂွိုင်းယား အတွက် ကန့်လန့်ကာနောက်ကွယ်မှာ စိတ်အေးသက်သာစွာနေထိုင်ခွင့်ရစေခဲ့ပြီး ဒါတွေကို တန်ဟဂ် က တော့ ရောက်ရောက်ခြင်းပဲ ဆွဲလှန်ပစ်လိုက်ပါတော့တယ်။

ယူနိုက်တဒ်ဟာ အတွင်းကိုလှိုက်စားနေတဲ့အနာတစ်ခုလို ရှုံးနိမ့်ခြင်းမှာကျဆုံးနေပြီး အပေါ်ယံအရေခွံခြုံထားတဲ့ လိမ်လှည်မှုတွေအောက်မှာ မက်ဂွိုင်းယားဦးဆောင်တဲ့ အင်္ဂလန်သားတသိုက်ဟာ ပျော်ပျော်ကြီးပုန်းအောင်းနေခဲ့တာကြာပါပြီ။နည်းပြအဆက်ဆက်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေလည်းဘုတ်အဖွဲ့ရဲ့ အသုံးမကျမှုက ဒီလိုကစားသမားတွေအတွက်တော့ ကံတရားရဲ့ဖေးမမှုဖြစ်ခဲ့ပြီး အလှုတန်းလေးလုပ်ပြလိုက်တာနဲ့အရာရာကျေအေးပေးတဲ့ ပရိတ်သတ်တွေကတော့ ယူနိုက်တဒ်ကျဆုံးခြင်းတရားခံတွေကို သွယ်ဝိုက်သောနည်းနဲ့အားပေးအားမြှောက်ပြုနေခြင်းပဲဖြစ်ပါတယ်။

အဲရခ်တန်ဟဂ် ဟာ နောက်ကွယ်မှာ ပုပ်သိုးနေတဲ့ အနာဖေးကို မြင်သလို အရေခွံဆွဲလှန်လိုက်တာနဲ့ နာကျင်မယ်မှန်းသိသိနဲ့ပဲ မျက်စိစုံမှိတ်ပြီး ရာသီအစနှစ်ပွဲကို အနာခံလိုက်တဲ့နောက် ကလန်ကာနောက်ကွယ်က ဂျပိုး တသိုက်လည်း ဆေးနဲ့တွေ့သလို ပေါ်ထွက်လာခဲ့ကြပြီပဲဖြစ်ပါတယ်။

တန်ဟဂ် က မက်ဂွိုင်းယား ရဲ့ အားနည်းချက်တွေကို ဗာရန်း နဲ့ ဖော်ထုတ်ပြခဲ့သလို ရှော ရဲ့ အာရုံစိုက်နိုင်ခြင်းမရှိတဲ့ပြသနာကိုလည်း မလာစီယာ နဲ့ နှိုင်းယှဉ်ပြသခဲ့ပါတယ်။လက်ရှိမှာ ဗာရန်း+မာတီနက်ဇ် အတွဲဖက် ဟာ မက်ဂွိုင်းယား ဦးဆောင်ခဲ့တဲ့ သူတလူငါတမင်းခံစစ် ထက် တိုက်ပွဲဝင်စိတ်ဓာတ်၊အနိုင်ရလိုမှု အစရှိတဲ့နေရာတွေမှာ အစစအရာရာသာလွန်နေသလို ခြေစွမ်း နဲ့ ကစားအားလည်း မြင့်မားလွန်းနေတာကြောင့် အင်္ဂလန်သားတသိုက်အတွက် နေရာရဖို့က ပိုမိုခက်ခဲလာနိုင်ပါတယ်။

အထူးသဖြင့် ဒါးလော့၊ဗာရန်း၊မာတီနက်ဇ်၊မလာစီယာ တို့အရှေ့မှာ ကတ်စမဲရိုး လို ကမ္ဘာ့အဆင့် DM ပါ ဝင်ပါလာခဲ့ရင်တော့ ယူနိုက်တဒ် ရဲ့ ခံစစ်ဟာ ဥရောပမှာ ထိုးဖောက်ရခက်ခဲတဲ့ ကျောက်ဆောင်တစ်ခုဖြစ်လာနိုင်ပြီး မက်ဂွိုင်းယားတို့အတွက်တော့ နေဝင်ချိန်ဟာ မမျှော်လင့်ထားလည်း ပြည်ဖုံးကားချရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။