ဘာစီရဲ့လုပ်ရပ်တွေကြောင့် ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ အခွင့်သာနေတဲ့ မန်ယူနိုက်တက်

Posted on

ဖရန်ကီဒီဂျောင်တစ်ယောက် ဘာစီလိုနာ မှာ အရံခုံထိုင်ရတာ ညောင်းညာနေဟန်ရပြီး လာမယ့် ဆောင်းဈေးကွက်မှာတော့ အကြွေးမရလည်းအသင်းပြောင်မယ်ဆိုတဲ့ မူ ကို ပြောင်းလဲ ဆွဲကိုင်ဖွယ်ရှိပါတယ်။ပြီးခဲ့တဲ့နွေမှာ မင်းသားတစ်ပါးကိုနန်းတင်ပေးဖို့ ကြိုဆိုမှုမျိုးနဲ့ မန်ယူနိုက်တဒ်ရဲ့ ကမ်းလှမ်းမှု ကို ပယ်ချခဲ့ပြီး အကြွေးမပေးတဲ့ဝပ်ကျွင်းမှာပဲ ခယ ခဲ့တဲ့နောက် ပြန်ရခဲ့တာက စော်ကားခံရမှုသာ ဖြစ်လာပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီဂျောင် ကို အကြွေး ယူရို(၁၉)သန်းနီးပါး ပေးရန်ကျန်ရှိနေပြီး လက်ရှိအထိလည်း အဆိုပါပြသနာကိုဖြေရှင်းခြင်းမရှိသေးပါဘူး။ အကြွေးမပေးလိုတာကြောင့်လည်း ဖရန်ကီ ကို ရောင်းချရန်ကြိုးစားခဲ့ပြီး အဆုံးသတ်မှာတော့ အကြွေးရမှအသင်းပြောင်းမယ်ဆိုတဲ့ ဒချ့်သားကြောင့် လာပေါ်တာ နဲ့ ဇာဗီ က နောက်တစ်မျိူးပေါင်းကြံပါတော့တယ်။

လာပေါ်တာ နဲ့ ဇာဗီ ရဲ့ အစီစဉ်အရ လစာလည်းလျှော့ချခြင်းမရှိသလို အကြွေးလည်းမချေပေးတဲ့ ဒီဂျောင် ကို အရံခုံပေါ်တင်ထားခဲ့ပြီး ပွဲကစားခွင့်ယုတ်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ သူတို့အတွက် ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရေး အဆုံးဖြတ်အရေးပါတဲ့ ပွဲစဉ်တွေမှာတောင် ဖရန်ကီဒီဂျောင် ကို အသုံးပြုခြင်းမရှိပဲ အရံအဖြစ်သာ ထားခဲ့ကာ လာမယ့် ကမ္ဘာ့ဖလားအတွက် ပွဲကစားချိန်ကို ဂရုစိုက်တဲ့ ဗန်ဂါးလ် နဲ့ အခက်ကြုံရအောင် ဖန်တီးပေးထားပါတယ်။ ဒီဂျောင် အနေနဲ့ သူ့ရဲ့ ပွဲထွက်ခွင့်ကိုပြန်လည်ရရှိဖို့ဆိုရင် ကြွေးကျန် (၁၉)သန်းကိုလျှော်ပေးရမယ့်အပြင် လက်ရှိလုပ်ခလစာကို (၄၀-၅၀)ရာခိုင်နှုန်းအထိ လျှော့ချရယူရမှာပဲ ဖြစ်ပါတယ်။

ဒီဂျောင် တစ်ယောက် ဘာစီလိုနာအရံခုံတန်းမှာ ဖင်ပူအောင်ထိုင်နေရချိန် တဖက်မှာတော့ သူသာ မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့ခဲ့ရင် ကတ်စမဲရိုး+ဒီဂျောင်+အဲရခ်ဆင် အတွဲဖက်ဟာ ပရီးမီးယားလိဂ်ကို စိုးမိုးထိန်းချုပ်နိုင်တဲ့ ကွင်းလယ်အတွဲဖြစ်လာမှာတော့အသေချာပါပဲ။ ဒီဂျောင် ဟာ အိုးထရဒ့်ဖိုဒ့် မှာ မင်းသားတစ်ပါးလို အလေးပေးခံရမှာဖြစ်ပြီး ဆရာဟောင်းတန်ဟဂ် လက်အောက်မှာ ယခင်လို စိတ်တိုင်းကျ ပွင့်လန်းခွင့်ရရှိမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဒီဂျောင် ဟာ ချောင်ထိုးခံလိုက်ရတဲ့ အရုပ်လေး တနည်း နေရောင်ကောင်းစွာမရတဲ့ နေကြာလို ပွင့်လန်းဝေဆာမှုတွေ ချုပ်ငြိမ်းသွားရပြီပဲ ဖြစ်ပါတယ်။

ယခုတစ်ပတ်ကစားမယ့် အလ်ကလက်စီကို မှာ သူ့ကိုပါဝင်နိုင်မှာလားဆိုတဲ့ နယ်သာလန်ဂျာနယ်လစ် ရဲ့ အမေးကို “ကျွန်တော်မသိပါဘူး”လို့သာ ဖြေကြားခဲ့ရတဲ့ ဒီဂျောင် ကို အရံခုံမှာထိုင်ရတာညောင်းလာရင် Royal-D လေးသောက်မလားလို့မေးရင်းနဲ့ပဲ…